Part 32 (Uni)

3.5K 224 33
                                    

အပိုင်း - ၃၂

ည (၈) နာရီခန့်။ ပတ္တယား၏ ညက အသက်ဝင်နေပြီ။ နွမ် ကမ်းခြေမှာ ထိုင်ရင်း ကော်ဖီအေးဘူးကို ပိုက်တပ်လိုက်သည်။ အကိုက နွမ်နဲ့ တွေ့ချင်သည်ဆိုတာကြောင့် ဒီနေရာဆီ ရောက်နေရတာပင်။ အကိုက ဘန်ကောက်ကို ရောက်သွားပြီးပြီ။ ခုတော့ နွမ်ကို တွေ့ဖို့ပြောလာသည်။ ဘာလို့လဲ ဆိုတာတော့ မပြောပါ။ တွေ့ချင်သည်ဆိုတာကြောင့်သာ နွမ် ထွက်လာရတာပင်။

"နွမ်"

ခေါ်သံကြောင့် နွမ် လှည့်ကြည့်သည့်အခါ အကိုက ပြုံးပြပါသည်။

ထို့နောက် အကိုက နွမ် ထိုင်နေသလို သဲပြင်ပေါ်မှာ ခြေထောက်စင်းပြီး လာထိုင်သည်။

"အကို ရောက်လာပြီလား"

"အင်း.. ရောက်နေတာ ကြာပြီလား နွမ်"

"သိပ်မကြာသေးပါဘူး"

နွမ် ဘေးမှာ ချထားသည့် ကော်ဖီအေး နောက်တစ်ဘူးအား အကို့ဆီ ကမ်းပေးလိုက်သည်။

"အကို့တွက်ပါ ဝယ်ထားတယ်"

ထိုအခါ အကိုက ခေါင်းခါသည်။

"ကိုယ်က ကော်ဖီဆို ပူတာလေးပဲ ကြိုက်တာ နွမ်ရဲ့"

"ဟုတ်လား.. ဆောရီးပါ.. နွမ် မမေးဘဲ ဝယ်လာလိုက်တယ်"

"ရပါတယ်.. ကိုယ် ခုချိန် ကော်ဖီသောက်ချင်စိတ်လည်း မရှိပါဘူး နွမ်"

"ဟုတ်ကဲ့"

ထို့နောက် အကိုက တိတ်ဆိတ်စွာ ပင်လယ်ဖက်ကို ကြည့်နေလေသည်။ ပင်လယ်ထဲမှာတော့ မှိန်ပျပျ မီးလေးတွေကို တွေ့ရသည်။ ငါးဖမ်းလှေတွေက မီးလေးတွေ ဖြစ်လောက်မည်။ မဟုတ်လည်း ကျွန်းတွေပေါ်က မီးရောင်လေးတွေ ဖြစ်လောက်ပါ၏။ ကမ်းခြေမှာတော့ စုံတွဲတွေ လာရောက်ထိုင်နေကြသလို လမ်းလျှောက်နေသူတွေလည်း ရှိကြသည်။ လေနုလေးတွေက ပင်လယ်ပြင်ကို ဖြတ်သန်းလာကြသည်။ ဆားနံ့သင်းသည့် ပင်လယ်လေကို နွမ် သဘောကျရပါသည်။

နွမ်တို့၏ နောက်ဖက်မှာတော့ ကမ်းခြေဖက်က ပတ္တယားမြို့ပတ်လမ်း။ ထိုလမ်းပေါ်မှာ ညဈေးလေးက သက်ဝင်လှုပ်ရှားလျက်။

အတော်ကြာမှ အကိုက စကားစသည်။

"နွမ်.. ကိုယ့်ကို မြန်မာက အကြောင်းတွေ ပြောပြချင်လား"

နွမ် (Completed)Tempat cerita menjadi hidup. Temukan sekarang