အပိုင်း - ၂၇
နွမ် အဖျားပျောက်သွားသည့်တိုင် လူကတော့ အားနည်းနေသည်။ လမ်းလျှောက်ရတာလည်း ယိုင်ချင်ချင်။ ထို့ကြောင့် Hilton ကိုရောက်တော့ ပီခေါင်ကပင် ဟိုတယ်ထဲထိ ပို့ပေးရသည်။
"နွမ်.. ဘယ်မှာစောင့်မလဲ"
"အကိုက မရောက်သေးဘူးထင်တယ်"
ခေါင်နွံလာ့ လက်ကနာရီကို ကြည့်လိုက်တော့ (၅) နာရီနဲ့ မိနစ် (၄၀)။ ရောက်လာတာက စောနေသေးသည်။
"စောသေးတယ် နွမ်.. နွမ် ဘာလုပ်ချင်လဲ.. (၆) နာရီထိုးဖို့ နောက်ထပ် မိနစ် (၂၀) လောက်တော့ စောင့်ရဦးမယ်"
"ရပါတယ်.. နွမ် Lobby မှာပဲ စောင့်နေလိုက်မယ်လေ.. ပီခေါင် သွားစရာ ရှိတယ်မလား.. သွားလေ"
"နွမ် တစ်ယောက်တည်း ဖြစ်လို့လား"
"ဖြစ်ပါတယ်.. ဒီမှာပဲ ထိုင်စောင့်နေလိုက်ပါ့မယ်"
"မြတ်သောက ကြာဦးမှာလား မသိဘူး"
"အကိုက အချိန်တိကျပါတယ်.. သူ (၆) နာရီတော့ ရောက်မှာပါ.. နွမ် သက်သာနေပါပြီ.. ပီခေါင် အလုပ်ကိစ္စရှိတယ်ဆို"
"အာ.. အင်း.. ရှိတယ်.."
"အဲ့တာဆို သွားလိုက်လေနော်.. နွမ်ကို စိတ်မပူပါနဲ့"
"အင်းပါ .. တစ်ခုခုဆိုရင် ကိုယ့်ဆီ ဖုန်းဆက်နော် နွမ်.. ကိုယ်က ဒီအနီးနားမှာပဲ ရှိမှာပါ"
"သိပါပြီ"
ထို့နောက် ပီခေါင်က နွမ်ကို Lobby မှာ ထားခဲ့ပြီး ထွက်သွားလေသည်။
နွမ် ဟိုဒီကြည့်ရင်း ဖုန်းထုတ်ကာ လိုင်းတက်ကြည့်မိသည်။ အကိုပေးထားသည့် Page ကို ဝင်ကြည့်တော့ အကို့၏ ပြခန်းက ပုံတွေကို တင်ထားတာ တွေ့ရသည်။ အကိုက ဓာတ်ပုံရိုက်တာကို တော်တော်လေး ဝါသနာပါပုံရသည်။
ပုံတွေထဲမှာ မြန်မာက အထင်ကရ ရှုခင်းအတော်များများပါဝင်သည်။ အကိုက ပုံရိုက်တာ တော်သည်။ ပုံတွေအားလုံးက အလင်းအမှောင်ကစလို့ အသက်ဝင်လှပါသည်။ ဓာတ်ပုံတွေကို ကြည့်လိုက်တာနဲ့ ထိုနေရာလေးကို ရောက်သွားရသလိုပင်။ ပုံတွေက စိတ်ကြည်နူးဖွယ်ရာ အတိ။
BINABASA MO ANG
နွမ် (Completed)