Part 17 (Uni)

4.5K 231 25
                                    

အပိုင်း - ၁၇

သဲဖြူကျွန်း။ ပတ္တရားကို လည်ပတ်ကြသူတိုင်း မဖြစ်မနေ လာရောက်ကြသည့် ကျွန်းလေး။ ကျွန်းလေးပေါ်မှာ အနားယူလို့ရသည့် ဆိုင်တွေ ရှိသလို။ ပင်လယ်ကို မြင်နေရသည့် ခုံလေးတွေကို ထီးမိုးကာ ကမ်းခြေတစ်လျှောက် ချထားပေးတာလည်း ရှိသည်။ ထိုခုံလေးတွေကို ငှားရမ်းနေရာယူပြီး နားလို့ရသကဲ့သို့ ဆိုင်တွေမှာလည်း နားလို့ရသည်။ ဆိုင်တွေမှာဆိုလျှင်တော့ ပစ္စည်းတွေ သိမ်းထားဖို့ Locker တွေ ထားရှိပေးသလို ရေဆော့ပြီးပါက ရေချိုးနိုင်သည့် ရေချိုးခန်းနဲ့ အများသုံး သန့်စင်ခန်းတွေကိုပါ အသုံးပြုလို့ရသည်။

ပင်လယ်စာ စားသောက်ဆိုင်တွေ အများအပြားတွေ့ရပြီး ဈေးတန်းတစ်လျှောက် လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေလည်း အတော်လေး စုံလင်သည်။

အကိုနဲ့ နွမ် ရောက်သွားချိန်က အစောပိုင်းဖြစ်လို့ လူ သိပ်မရှိသေး။ အကို ဓာတ်ပုံ အေးဆေး ရိုက်လို့ရအောင် နွမ် Speed Boat အား ညနေစောင်းမှ လာကြိုခိုင်းလိုက်ပါ၏။

ကမ်းခြေရှိ သဲပြင်က ပတ္တရားပင်မကမ်းခြေနဲ့ မတူ။ သဲတွေက သဘာဝသဲတွေ ဖြစ်လို့ နူးနူးညံ့ညံ့လေးတွေ။ ဖိနပ်စီးမထားလည်း ခြေထောက်မနာ။

"အကို"

ကျွန်းဖက်ဆီ ဟိုဒီ ငေးနေသည့် အကို့ကို နွမ် ခေါ်လိုက်သည့်အခါ အကိုက လှည့်ကြည့်ပြီး ပြုံးပြပါ၏။

"အင်း.. ကျွန်းက လူ သိပ်မများသေးဘူးနော် နွမ်"

"ဟုတ်တယ်.. အကို.. စောသေးလို့လေ.. ဒီနေ့က စနေနေ့မို့ ခဏလောက်ဆိုရင်တော့ လူပြည့်လာတော့မှာပါ"

"ဟုတ်လား"

"အွန်း.. အကို ဆိုင်တစ်ခုခုမှာပဲ နားချင်လား.. ဒါမှမဟုတ်.. ကမ်းခြေက ခုံတွေမှာပဲ နားမလား"

နွမ် မေးလိုက်သည့်အခါ အကိုက ခဏမျှ စဉ်းစားဟန်ပြုသည်။

"ဆိုင်တစ်ခုခုမှာ နားတာက ပိုကောင်းမယ် ထင်တယ် နွမ်"

အကို့မှာက ကျောပိုးအိတ်တစ်လုံးပါသည်။ ဘာတွေ ထည့်လာလဲတော့ နွမ် မသိ။

"အွန်း ရပါတယ်.. ဆိုင်မှာနားတော့ အကို ဓာတ်ပုံရိုက်ဖို့ ထွက်တဲ့ အချိန် ပစ္စည်းတွေ သော့ပိတ်ခဲ့လို့ရတယ်"

နွမ် (Completed)Tempat cerita menjadi hidup. Temukan sekarang