Part 16 (Uni)

4.3K 230 25
                                    

အပိုင်း - ၁၆

ရှေ့အပတ်ထဲမှာပင် ခေါင်နွံလာ့က ပီခမ်းကို ခေါ်တွေ့ကာ လိုအပ်သည့်အချက်လက်တွေ တောင်းထားသည်မဟုတ်လား။ ခုတော့ အချက်လက်တွေက လက်ထဲရောက်နေပြီ။

ခေါင်နွံလာ့ ဖိုင်တွဲထားသည့် အချက်လက်တွေကို သေချာကြည့်သည်။ မျက်ခုံးကိုလည်း စုကျုံ့ထားမိပါ၏။

(၁) နှစ်ကျော် (၂) နှစ်နီးပါး ကာလမှာ နွမ်လက်ခံခဲ့သည့် လူက သိပ်မများ။ စုစုပေါင်းမှ လူ (၃၀) ကျော်လောက်သာ။ နွမ်က မထူးဇာတ်ခင်းကာ လုပ်စားခဲ့သည့်တိုင် ကိုယ့်ကိုယ်ကိုတော့ တန်ဖိုးထားသည်။ ထို့ကြောင့် ဧည့်သည်ကို ပိုက်ဆံရတိုင်းလည်း လက်ခံပုံမရ။ လူနည်းနည်း ရွေးသည့်ပုံပင်။ နွမ်က လှသည့်အတွက် တန်းစီပြီး တောင်းဆိုကြတာကိုတော့ ခေါင်နွံလာ့ သိပြီးပြီ။ သို့သော် နွမ်ကို အမှန်တကယ်ထိတွေ့ခွင့်ရသူက အနည်းငယ်လောက်သာ။

ဖိုင်တွဲကို ဆုပ်ကိုင်ရင်း ရင်ထဲက လှိုက်တက်လာသည့် ဝမ်းနည်းမှုနဲ့ နာကျင်မှုကို ထိန်းချုပ်ထားရသည်။ နွမ် မလိုချင်ခဲ့သည့် ထိုအခိုက်တန့်တွေကို နွမ် ဘယ်လိုများ ဖြတ်သန်းခဲ့ပါလိမ့်။ တွေးကြည့်ရုံနှင့် ရင်နာရသည်။

"မိုရမ်"

ခေါင်နွံလာ့ ခေါ်လိုက်သည့်အခါ နောက်မှာ အသင့်စောင့်နေသည့် မိုရမ်က ရှေ့တစ်လှမ်းတိုးလာခဲ့သည်။

"ဟုတ်ကဲ့.. ကျွန်တော် ရှိပါတယ် ပီခေါင်"

"ဒီလူတွေထဲက နွမ် မလိုချင်ဘဲ အတင်းတောင်းဆိုခဲ့တဲ့သူတွေကို ရွေးထုတ်ပေး"

မိုရမ်က ခေါင်နွံလာ့ လက်ထဲမှ ဖိုင်ကို ယူသည်။ ထို့နောက် ဘေးမှာချထားသည့် ခဲတံလေးအား ကောက်ယူပြီး အမှတ်သား (၁) ခု လုပ်ပေး၏။

"ဒီတစ်ယောက်ပါပဲတဲ့"

"အသေးစိတ်ပြော"

"နွမ်က ငြင်းပေမယ့် ပီခမ်းကို ရိုက်နှက်ခြိမ်းခြောက်လို့ နွမ်က လက်ခံခဲ့ရတာလို့ ပြောပါတယ်"

"အရင်ကရော နွမ်က လက်ခံဖူးလား"

"နွမ်က သူ့ကို လုံးဝ ငြင်းတာပါ.. ဘာလို့ ငြင်းလဲတော့ သေချာ မသိရပါဘူး.. နွမ်က သူ့စိတ်ထဲမတွေ့ရင် အကုန်ငြင်းတာပါတဲ့"

နွမ် (Completed)Donde viven las historias. Descúbrelo ahora