ကျောင်းပြီးသွားတဲ့ နေ့တွေက အမြဲ ပျင်းစရာကောင်းနေတော့တာပါပဲ ။ အရင်လို ကန်တင်းတွေကို ပတ်ထိုင်ပြီး ဆိုင်ရှင်တွေ လက်မြှောက်ရလောက်အောင် မွှေခွင့်မျိုး မရှိတော့ ခွန်းဟာ အခန်းထဲမှာ အိပ်လိုက် အပြင်ထွက်ပြီး လမ်းလျှောက်လိုက်နဲ့ပဲ အချိန်တွေကို ဖြုန်းနေရပါတော့တယ် ။
အခုလည်း ခြံထဲက အပင်တွေက အလုပ်မရှိ အလုပ်ရှာပြီး မြေစာတွေ ထိုင်ဆွနေမိတယ် ။ ခွန်းလည်း အလုပ်တစ်ခုလောက် အမြန်ရှာဦးမှပါ ။ ဖေဖေ့လို လက်အိတ်ဝတ်ပြီး သေသေသပ်သပ် လုပ်လေ့မရှိတာကြောင့် ခွန်းရဲ့ လက်တွေက မြေစာတွေပေပြီး ညစ်ပတ်နေတယ် ။
ရုတ်တရပ် ခွန်းရဲ့ အမြင်အာရုံတွေက လက်ချောင်းတွေနဲ့ အကွယ်ခံလိုက်ရသလို မှောင်မဲသွားတယ် ။
" မိုချိ ငါ့လက်ညစ်ပတ်နေတယ်နော် ၊ ကိုင်ထည့်လိုက်ရ "
" ဟုတ်လို့လား ပြန်စဉ်းစားပါဦး "
လက်ထဲက မြေစာတွေကို ဆုပ်ကိုင်လိုက်မိတယ် ။ အမြင်တွေ ပြန်ရလာတော့ ဘယ်သူမှန်း သိနေတာကြောင့် နောက်လှည့်လိုက်ဖို့ကို မဝံ့မရဲဖြစ်နေတယ် ။
" သွင် ... "
" မှန်သွားပြီ "
နေရောင်ခြည်ကပဲ ပိုကဲပြီး တောက်ပနေလေသလားဆိုပြီး မေးခွန်းထုတ်မိတော့တယ် ။ အမြင်အာရုံကို စူးရှနေတဲ့ နေ့အလင်းရောင်ဟာ နီညိုရောင်တွေနဲ့ ဖုံးကွယ်ခြင်းခံထားရတယ် ။
" အာ ဖေဖေက ကျောင်းသွားတယ် ၊ အစည်းအဝေးရှိလို့တဲ့ "
" ဆရာ့ဆီ လာတာ မဟုတ်ပါဘူး "
" မေမေက ဆိုင်သွားပြီ "
" အန်တီ့ဆီ လာတာလည်း မဟုတ်ပြန်ဘူး "
ဒီအိမ်မှာ လူသုံးယောက်နေတာကို သူက အဖေ့ဆီရော အမေ့ဆီရော လာတာ မဟုတ်ရင် ခွန်းဆီ ... ?
" ကျွန်မဆီ လာတာလား "
သူက ခွန်းရဲ့ မေးခွန်းကို မဖြေဘဲ အိမ်ထဲကို လှမ်းကြည့်တယ် ။ ပြီးတော့ ဘေးပတ်ဝန်းကျင်ကိုရောပဲ ။
" သွင် ? "
" ဒီ ပတ်ဝန်းကျင်မှာ မင်းမဟုတ်ဘဲ တို့သိတဲ့ တခြားသူ ရှိသေးလို့လားလို့ ကြည့်နေတာ "
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Romanceအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။