Extra : In Every Tomorrow

6.3K 360 43
                                        

ကမ္ဘာနှစ်ခု တစ်ထပ်တည်းကျသွားတဲ့အချိန်မျိုးမှာ ခြားထားတဲ့ တံခါးတွေ ပွင့်လာတတ်တယ် ။ အဲဒါက အမှန်ဆိုရင် သွင့်ရဲ့ ကမ္ဘာထဲမှာ ကျွန်မ နေထိုင်ခွင့် ရှိနေပြီ ထင်ပါရဲ့ ။

" ကျွန်မ ကြောက်တယ် "

တွဲထားတဲ့ လက်တွေကို ငေးရင်း ပြောမိတော့ သွင်က ကျွန်မကို လှည့်ကြည့်တယ် ။ သွင့်ရဲ့ နှုတ်ခမ်းက နှုတ်ခမ်းနီတစ်ချို့တောင် ပျက်ပြယ်နေပြီ ။

" အိပ်မက်တွေ ဖြစ်နေမှာကို ကြောက်တယ် "

ဆုပ်ကိုင်ထားခွင့်ရတဲ့ လက်တွေ အငွေ့ပျံပြီး ပျောက်ကွယ်သွားမှာကို ကြောက်လွန်းတာကြောင့် တင်းတင်းကြပ်ကြပ်လည်း မဆွဲထားရဲသလို လွှတ်လိုက်ဖို့လည်း မဝံ့ရဲဘူး ။

" အိပ်မက်တွေ ဖြစ်နေမယ်ဆိုရင် .... ကျွန်မ နိုးလာတဲ့အခါ ထပ်ပြီး ငိုရဦးမှာ ၊ ကျွန်မရဲ့ ဘဝထဲမှာ သွင် မရှိတော့ဘူးဆိုတာကို ထပ်သိရဦးမှာ "

ကျွန်မရဲ့ ခံနိုင်ရည်ဆိုတဲ့ စွမ်းအင်တွေလည်း မကျန်ရှိတော့လောက်အောင်ပါပဲ ။ အလေးအပင်တွေနဲ့ ဖိနှိပ်ခံထားရသလို နှလုံးသားက ထပ်ပြီး မွန်းကြပ်လာပြန်တယ် ။

" အိပ်မက်တော့ မဟုတ်ဘူးနော် သွင် ၊ တကယ်လို့ အိပ်မက်ဆိုရင် .... နိုးလာတာနဲ့ ကျွန်မ သွင့်ဆီ ပြေးလာခဲ့မှာ "

သွင့်ရဲ့ မျက်ရည်စတွေ ရစ်သီနေတဲ့ မျက်ဝန်းတွေက ကျွန်မအတွက်တော့ ဝမ်းနည်းရတဲ့ ရပ်ဝန်းတွေပါပဲ ။ ဘယ်လောက်တောင် နာကျင်ခဲ့ရလောက်မလဲ ။

" ကျွန်မ တောင်းပန်ပါတယ် ၊ ကျွန်မကြောင့် နာကျင်ခဲ့မှာပဲ "

သွင့်ရဲ့ ပါးပြင်ပေါ်ကို လက်ချောင်းတွေနဲ့ ထိကိုင်မိတော့ ကျွန်မရဲ့ အကြောက်တရားတွေ တဖြေးဖြေး လွင့်ပြယ်လာတာကို ခံစားမိတယ် ။

" ကျွန်မက သိပ်ကလေးဆန်ခဲ့တာနော် ၊ သွင့်ကို မငိုစေချင်ဘူးပြောပြီး .... ကျွန်မကပဲ သွင့်ကို မျက်ရည်ကျစေခဲ့တာ "

ပါးပြင်ပေါ်က ကျွန်မရဲ့ လက်တွေကို ဆွဲကိုင်ပြီး သွင်က ခေါင်းခါပြတယ် ။ သွင့်ဆီက စကားသံတွေ ထွက်ကျမလာတာဟာ ကျွန်မရဲ့ ခံစားချက်တွေကို ပိုပြီး ဖော်ပြဖို့ တိတ်ဆိတ်ပေးနေသလိုပါပဲ ။

ချစ်ခြင်းသွင်ပြင်Where stories live. Discover now