" သွင် ခဏ ... ဟိုရှေ့နားမှာ ခဏရပ်ဦး "
ကားကို လမ်းဘေးနား ကပ်ရပ်လိုက်တော့ ခွန်းက ကျွန်မကို ဖျက်ခနဲ လှမ်းကြည့်တယ် ။ သူ့ကို ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကို မမေးနိုင်ခင်မှာပဲ ကားပေါ်ကနေ ဆင်းသွားတယ် ။
ပန်းတွေအများကြီးကို စီစီရီရီတင်ထားတဲ့ ဆိုင်တစ်ခုဆီကို ဝင်သွားတာကြောင့် steering ကို လက်ညိုးနဲ့ ခေါက်ရင်း ပြတင်းပေါက်ဘောင်ပေါ် လက်တင်ရင်း ကြည့်နေမိတယ် ။ ပန်းဆိုင်က ကောင်မလေးနဲ့ ရယ်ရယ်မောမော စကားပြောနေတဲ့ ခွန်းကို ကြည့်ပြီး မျက်မှောင်တွေ ကျုံ့လိုက်မိတယ် ။ သူက အဲ့သလောက် ဆက်ဆံရေးကောင်းတဲ့လူလည်း မဟုတ်ပါဘူး ။
မကြာခင်မှာပဲ နှင်းဆီပန်းတွေ လက်ထဲ ကိုင်ပြီး ပြန်ထွက်လာတယ် ။ သူ ကားပေါ်ရောက်လာတဲ့အချိန်မှာတော့ ရှိနေတဲ့ လာဗင်ဒါအနံ့အစား နှင်းဆီအနံ့တွေက ထိုးဖောက်ဝင်ရောက်လာတယ် ။
" အသိလား အဲ့တစ်ယောက်က "
" ဟင် ... ဪ မဟုတ်ပါဘူး "
ခွန်းက ပန်းဆိုင်ကို လှမ်းကြည့်ပြီးတော့ ခေါင်းခါပြတယ် ။
" ဪ အရမ်းရင်းနှီးနေတယ်လို့ ထင်ရတယ်လေ ၊ ရယ်ရယ်မောမောနဲ့ဆိုတော့ "
ခွန်းက ကျွန်မကို မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေရင်းကနေ ဟက်ခနဲ ထရယ်တယ် ။ ပြီးတော့ လက်ထဲက နှင်းဆီပန်းတွေက ကျွန်မရဲ့ရှေ့ကို ရောက်လာတယ် ။
" သွင့်အတွက် "
တစ်စုံတစ်ယောက်ဆီကနေ ကျွန်မအတွက်ပါလို့ တသီးတသန့်သတ်မှတ်ထားတဲ့ အရာတွေကို မရတာ ဘယ်လောက် ကြာနေပါပြီလဲ ။ လက်ထဲရောက်လာတဲ့ နီနီရဲရဲ နှင်းဆီပွင့်တွေက နဂိုလည်း ဒီလိုလှလေ့ရှိသလား ။
" အဲ့ကောင်မလေးနဲ့ ဘာတွေ ပြောနေတာလဲ သိချင်လား "
" မသိချင်ပါဘူး ၊ အဲဒါ မင်းကိစ္စ "
ပြောလိုက်မိသမျှကို ရုတ်သိမ်းလို့ မရတာက သိပ်ခက်တယ် ။ အခုတော့ ကလေးဆီကနေ လှောင်ရယ်တာကို ခံနေရပြီ မဟုတ်ပါလား ။
" ဘယ်သူ့အတွက်လဲလို့ မေးတာလေ ၊ မကြာခင်မှာ ကျွန်မရဲ့ ချစ်သူဖြစ်တော့မယ့် အမျိုးသမီးတစ်ယောက်အတွက်လို့ ပြောလာတာ "
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Roman d'amourအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။