" တစ်ရက်လောက်ပဲ ထပ်နေရအောင်ဆိုတာကို "
" ခွန်း မင်း မဆိုးနဲ့ "
ပစ္စည်းတွေ သိမ်းနေတဲ့ ကျွန်မကို ခရီးဆောင်အိတ်ပေါ် ထိုင်ပြီး ဘေးကနေ ဂျီတိုက်နေပေမယ့်လည်း လှည့်မကြည့်နိုင် ။
" သွင်က ကျွန်မနဲ့ အဲ့လောက် .... မြန်မြန်ခွဲချင်နေတာ "
လှည့်မကြည့်လို့ မဖြစ်တဲ့ စကားတွေ ပါလာတော့ ကျွန်မ သက်ပြင်းတစ်ချက်ကိုပဲ ချနိုင်ပါတော့တယ် ။ ကျွန်မကဖြင့် ဒီကလေးငယ်နဲ့ အတူနေရမယ့် အချိန်တွေကို ဘယ်လောက်တောင် ဆွဲဆန့်ထားချင်လိုက်သလဲလို့ ။
" မင်းကတော့ မဟုတ်တာကို ပြောပြီ "
" သွင်က ပြန်ဖို့ပဲ ပြင်နေတာလေ ၊ ကျွန်မ ဘယ်လို ခံစားနေရသလဲဆိုတာကိုတော့ မသိဘူး "
" တို့ကရော မင်းနဲ့ ခွဲချင်တယ်လို့ ထင်လို့လား "
" အဲဒါတော့ ဘယ်သိမပါ့လဲ "
" ခွန်းအာရုံသွေး ! "
အသံမာသွားတာကို သတိထားမိတဲ့အချိန် ခွန်းက ခေါင်းတွေ ငုံ့နေပြီ ။ ကလေးလို ဂျီကျနေတာကိုလည်း အပြစ်မမြင်ရက်ဘူး ။
" ခရီးထွက်တယ်ဆိုတာ သူ့ အကန့်အသတ်နဲ့ သူရှိရတယ်လေ ၊ မင်း ဒီမှာပဲ အမြဲနေလို့မှ မရတာ "
" ကျွန်မ ဒီမှာ နေချင်တာမှ မဟုတ်တာ ၊ ကျွန်မက သွင်နဲ့ ... အတူရှိနေချင်တာ "
ခွန်းရဲ့ အသံတွေ တိမ်ဝင်သွားတာကို သတိထားမိမှ သိမ်းလက်စကို ချထားခဲ့ပြီး အနားကို တိုးကပ်သွားရတော့တယ် ။
" တို့လည်း မင်းနဲ့ အတူရှိချင်တာပေါ့ ၊ အခု အချိန်ခဏလေးကို သည်းခံလိုက်မှ နောက်ထပ် အချိန်တွေအများကြီးမှာ အတူရှိနိုင်မှာ မဟုတ်လား ။ ရေရှည်ကို တွေးရမယ်လေ လိပ်ကလေးရဲ့ "
ခွန်းကို ရင်ခွင်ထဲ ထည့်လို့နှစ်သိမ့်ပေးလိုက်တော့ ကျွန်မရဲ့ ခါးကို ပြန်ပြီး ပွေ့ဖက်လာတယ် ။ ခွန်းရဲ့ ရှိုက်သံတွေက ခပ်တိုးတိုးပဲ ထွက်လာပေမယ့် ကျွန်မကတော့ ကျယ်ကျယ်လောင်လောင်အဖြစ်နဲ့ကို ကြားနေရတာ ။
" မငိုရဘူးလေကွယ် "
နာရီသံတွေမှာ ရှိုက်သံတွေ ကပ်ပါလာတော့ ကျွန်မ ဘယ်နေသာပါတော့မလဲ ။ ကြည်လင်နေတဲ့ ကောင်းကင်ကို ဆောင်ကျဉ်းပေးတဲ့ သူပဲ ၊ ကျွန်မက သူ့ရဲ့ မျက်ဝန်းအိမ်မှာ မိုးတိမ်တွေ ခိုတွဲလာအောင်တော့ မလုပ်သင့်ဘူး မဟုတ်လား ။

YOU ARE READING
ချစ်ခြင်းသွင်ပြင်
Romansaအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။