အစည်းအဝေးခန်းထဲမှာ ထိုင်နေပေမယ့် စိတ်တွေကတော့ အိမ်ကိုပဲ အသည်းအသန်ပြန်ပြေးနေကြတယ် ။ တကယ်ကို ခွန်း မရှိတဲ့ နေရာမှာ အဆင်ပြေပြေပြီးဆုံးသွားတာ ဘာမှမရှိဘူးပဲ ။
" အယ်လီယာ "
ရုံးထဲက အထွက်မှာ လက်ကို ဖျက်ခနဲ လှမ်းဆွဲခံလိုက်ရတယ် ။ လှည့်ကြည့်လိုက်တော့ မျက်လုံးပြာပြာ ဆံပင်ဝါဝါနဲ့ ကောင်လေးက အသက်ကို ရှိုက်လို့ ရှူနေရတယ်နဲ့ တူပါတယ် ။
" တကယ် ပြန်တော့မှာလား "
ခေါင်းငြိမ့်ပြလိုက်တော့ အပြာရောင်မျက်ဝန်းအိမ်ထဲ အရိပ်တွေ ဖြတ်ပြေးသွားတာကို တွေ့လိုက်တယ် ။
" ကျွန်တော့်ကိုရော ... မစဉ်းစားပေးတော့ဘူးလား "
" Eddie... "
" အယ်လီယာ please.... "
ကျွန်မရဲ့ လက်ကို ဖမ်းဆွဲထားတဲ့ လက်တွေကို ငြင်ငြင်သာသာဖြုတ်ချပြီး ပုခုံးကို ခပ်ဆဆကလေး ပုတ်ပေးလိုက်တယ် ။ ဒါက နှစ်သိမ့်ခြင်းဆိုရင်တောင် သူ့အတွက်တော့ နှစ်သိမ့်ရာမရောက်တာကို သိပါရဲ့ ။
လှည့်ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချမိပေမယ့် ကျွန်မလည်း ဘာမှ မတတ်နိုင်ဘဲ ။ ခွန်းစောင့်နေမှာပဲ ဆိုတဲ့ စိတ်က ဝင်လာပြန်တော့ ဘာကိုမှတောင် ဆက်တွေးနေချိန်မရလိုက်ပါဘူး ။
" ဒီနေ့ နောက်ကျတယ်နော် "
" ဟုတ်တယ် ၊ အလုပ်က နည်းနည်းများလို့ "
ခွန်းက ကျွန်မရဲ့ လက်ထဲက အိတ်ကို လွှဲပြောင်းယူရင်း မေးလာတယ် ။ ခေါင်းတငြိမ့်ငြိမ့်နဲ့ ကုတ်အင်္ကျီကိုပါ ယူသွားတဲ့ ခွန်းကို ကြည့်ရင်း ရုတ်တရပ်ပဲ စိတ်တွေက လေးလံလာတယ် ။ ကျွန်မ သူ့ကို အကြာကြီးဆွဲထားလို့မရဘူးပဲ ။ ဘယ်လိုလုပ်ရပါ့မလဲ ။
" ခွန်း "
" ဟုတ်ကဲ့ "
ညစာစားပြီးတဲ့အချိန်မှာတော့ ခွန်းက မှန်တံခါးကနေ မြင်နေရတဲ့ မြို့ရှူခင်းကို ရပ်ကြည့်နေတယ် ။ သူ့ရဲ့ ခါးပေါ်ရောက်သွားတဲ့ ကျွန်မရဲ့ လက်တွေကိုလည်း ပြန်အုပ်ကိုင်ထားသေးတယ် ။
![](https://img.wattpad.com/cover/377847961-288-k992167.jpg)
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Romanceအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။