" သူ ငြင်းသွားတယ် မင်းထင် "
စာမေးပွဲရက်မှာတော့ ခွန်းဟာ အဲ့စကားကို သိုသိုသိပ်သိပ် ထိန်းသိမ်းလာပြီး စာမေးပွဲနောက်ဆုံးနေ့မှာတော့ စာမေးပွဲအပြီး ငါးယောက်သား ကန်တင်းထိုင်ရင်း မေးခွန်းခက်တဲ့အကြောင်း ပြောနေတဲ့ သူငယ်ချင်းတွေရဲ့ စကားဝိုင်းထဲ အဲ့စကားကို ပစ်သွင်းပေးလိုက်တယ် ။
" အခုမှ ပျော်စရာတွေ စမှာကို အပျော်လာဖျက်နေတယ် ကွမ်းတံတွေးရာ နင်က အာရုံပဲ "
" အေးလေ သူက အာရုံပဲဟာကို ခွန်းအာရုံသွေးလေ "
ယုဇနက ရဲဝင်းရဲ့ စကားကို ပြန်ပြောတော့ နှစ်ယောက်ကြားက အကြည့်တိုက်ပွဲက ထဖြစ်လာတယ် ။ မင်းထင်ကတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ တိတ်ဆိတ်နေတယ် ။
" နင် ဘာဆက်လုပ်မှာလဲ မင်းထင် "
" ဘာမှမလုပ်ပါဘူးဟာ ၊ သူ သဘောမကျဘူးဆိုမှတော့ ငါနောက်ဆုတ်ရုံပဲပေါ့ "
မင်းထင်ရဲ့ စကားကို အားလုံးကို တိတ်တိတ်လေးနေပြီး ထောက်ခံကြတယ် ။ မင်းထင်က တကယ်လည်း သူများကို အနှောင့်အယှက်ပေးဖို့ ဝန်လေးတတ်တဲ့ လူဆိုတော့ သူအလွယ်တကူ လက်လျှော့လိုက်တာကိုလည်း အပြစ်လို့ ပြောလို့ မရပါဘူးလေ ။
" ကဲ ဒီည ဘာပလန်ရှိလဲ ပြောကြဦး "
" သောက်မယ်လေ ၊ ငါ့ဦးလေးဆိုင်မှာ table ငှားပေးမယ် "
" အိုခေး မိုက်ပြီဟေ့ "
" နေဦး ငါ အဖေ့ကို လှမ်းပြောလိုက်ဦးမယ် "
" လောကမှာ အရှောင်သင့်ဆုံးက ပါးပါးဂဲလ်တွေပဲ သူငယ်ချင်းတို့"
ရဲဝင်းကို လက်ခလယ်ထောင်ပြလိုက်ပြီး ဖုန်းနဲ့ အဖေ့ဆီ လှမ်းဆက်ပြီး ခွင့်တောင်းလိုက်တယ် ။ လူမှန်းသူမှန်း မသိတဲ့အထိ မသောက်နဲ့ဆိုတဲ့ ခွင့်ပြုချက်နဲ့အတူ ယုဇနရဲ့ အိမ်မှာ ပစ္စည်းတွေ ထားပြီး အပြင်ကို ပြန်ထွက်လာကြတယ် ။
" ဒီည အမှောက်သောက်မှာနော် "
" မရဘူး ၊ ငါတို့ အိမ်ပြန်ရမှာ "
" အာ မိုချိကလည်း ၊ နင်တို့က ယုဇနအိမ်မှာ ဝင်အိပ်လေဟာ ၊ မင်းထင်ကို ငါခေါ်သွားလိုက်မယ် "

YOU ARE READING
ချစ်ခြင်းသွင်ပြင်
Romansaအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။