" ခွန်းခွန်း လာဦး "
မိုချိရဲ့ အိမ်ကို သွားမယ့် လမ်းကို ဖေဖေ့ကြောင့် ခဏ အရှိန်သတ်လိုက်ရတယ် ။ ဖေဖေ့မျက်နှာက နည်းနည်း တင်းမာနေတာကြောင့် လန့်သွားမိတယ် ။ ခွန်း ဘာလုပ်မိပါလိမ့် ။
" သွားဖို့ ပြောထားတဲ့ အလုပ် အင်တာဗျူးတွေကို ဘာလို့ မသွားတာလဲ "
" ဟိုက မန်နေဂျာက မလာလို့ဆိုပြီး လှမ်းပြောတာ ဘယ်လောက်အားနာဖို့ ကောင်းလိုက်သလဲ ၊ အချိန်မအားတာကိုတောင် ဖေဖေ့ကို အားနာလို့ ခွန်းခွန်း အင်တာဗျူးဖြေဖို့ တသီးတသန့်လုပ်ပေးထားတာကို "" အဲ ... "
ဘာစကားမှ မထွက်နိုင်တော့တဲ့ ခွန်းကြောင့် ဖေဖေ့ရဲ့ မျက်နှာက ပုံမှန်ထက် ပိုပြီး တင်းမာလာတယ် ။ ဘယ်လိုလုပ်ရပါ့ ။
" နိုင်ငံခြားသွားဖို့လည်း မပြင်ဆင် ၊ အလုပ်လည်း မလုပ်ချင်ဆို မင်းဘဝ နောက်ပိုင်းကို ဘယ်လို ဆက်သွားဖို့ ဆုံးဖြတ်ထားသလဲ ။ ငယ်ငယ်လေးရှိသေးလို့ဆိုပြီး လွှတ်ထားတာကို ထင်တိုင်းကြဲမနေနဲ့ "
" ဖေဖေ ... "
" မနက်ကျ မေမေနဲ့ ကျန်းမာရေးစစ်ဆေးဖို့ လုပ် ၊ ပြောထားတဲ့ အတိုင်း အင်္ဂလန်ကို သွား "
" ဖေဖေ ! ခွန်း မသွားချင်တော့ဘူးလို့ ပြောထားတယ်လေ "
သွင် မရှိတဲ့ နေရာကို ခွန်းက ဘာကြောင့်များ သွားချင်ရမလဲ ။ ခွန်း စခဲ့တဲ့ ကိစ္စပေမယ့် အဆုံးသတ်လိုက်ဖို့က ဘာကြောင့်များ သိပ်ခက်နေသလဲ ။
" ဘာတွေများ တော်နေလို့ ငါ့ကို ပြန်ပြောနေတာလဲ ! မင်း ရှင်သန်လာတဲ့ အနှစ်နှစ်ဆယ်လုံး မင်း စိတ်တိုင်းကျပဲ နေလာတာ ။ ဒီဖအေမျက်နှာကိုရော ကြည့်သေးရဲ့လား ဟမ် ငါ့ကို အရှက်ရအောင်ပဲ လုပ်တော့မှာလား "
" ခွန်း ဘယ်တုန်းကမှ ... ဖေဖေ့ကို အရှက်ရအောင် မလုပ်ခဲ့ဖူးဘူး ! "
အသံမာသွားပေမယ့် ခွန်း ဘယ်လောက် ဝမ်းနည်းသွားသလဲဆိုတာ ခွန်းအသိဆုံးပါပဲ ။ ခွန်းဟာ ဖေဖေ့ကို အရှက်ရအောင် လုပ်တယ်တဲ့လား ။
" လုပ်တာပေါ့ ! "
စားပွဲခုံကို ဒုန်းခနဲ မြည်အောင် ရိုက်ချလိုက်တာကြောင့် ခွန်းရဲ့ အမြင်အာရုံတွေက ဝေဝါးလာတယ် ။
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Любовные романыအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။