" ခွန်းခွန်း လုပ်စရာမရှိရင် ဖေဖေ့ကို ထမင်းချိုင့် သွားပို့ "
" ဟာ မေမေကလည်း ဟိုမှာ ကန်တင်းတွေ အများကြီးဟာကို "
" အို ကန်တင်းတွေ များလည်း အိမ်ချက်လိုမှ မဟုတ်တာ ၊ ဒီမှာ အုန်းထမင်းနဲ့ ကြက်သားဟင်းချက်တာ ။ သွားပို့လိုက် "
" ယောင်္ကျားအကြိုက်တော့ မပြတ်သောပဲနော် မာမီက "
မေမေ့ကို စလိုက်တဲ့ ခွန်းဟာ တစ်ဝကြီး အဆူခံလိုက်ရပေမယ့် စပ်ဖြဲဖြဲနဲ့ ထမင်းချိုင့်ကို ကောက်ဆွဲပြီး ထွက်လာခဲ့လိုက်တယ် ။ နာရီဝက်လောက် ဘတ်စ်ကားတိုးစီးပြီး ကျောင်းကို ရောက်လာခဲ့တယ် ။ ကျောင်းထဲက ကျောင်းသားတွေကို မြင်တော့လည်း ခွန်းရဲ့ တက္ကသိုလ် ကျောင်းသားဘဝကို ပြန်ပြီး သတိရသွားပါသေးတယ် ။
" အစ်မ ကျောင်းသားရေးရာကို ဘယ်လိုသွားရလဲရှင့် "
" ကျောင်းသားရေးရာဆို လမ်းမှားလာပြီ ညီမလေး ၊ ဒီလမ်းအတိုင်းတည့်တည့်ပြန်ထွက် လမ်းမကို ရောက်ရင် အဲ့အတိုင်းဆက်သွား ဘွဲနှင်းသဘင် မရောက်ခင်လမ်းပဲ ၊ လမ်းအဆုံးမှာ အဲ့တစ်လမ်းပဲ ရှိတော့တယ် အဲ့လမ်းထဲဝင်သွား ကန်တင်းတွေထဲက ဦးလေးကြီးတစ်ယောက် ထွက်ပြီး ဘာစားဦးမလဲ သမီးတို့ မေးရင် လမ်းမှန်တယ် ၊ အဲ့အရှေ့က အဆောက်အဦးက ကျောင်းသားရေးရာပဲ ညီမလေး "
ခွန်းရဲ့ တိကျသေချာလှတဲ့ လမ်းညွှန်မှုအဆုံးမှာ ပထမနှစ်ကျောင်းသူလေးတွေက ကျေးဇူးတွေ တင်ပြီး ထွက်သွားကြတယ် ။ ပြန်ရင်တော့ ကားဂိတ်က အအေးဝယ်သောက်သွားဖို့လည်း စဉ်းစားမိသေးတယ် ။ ပိုက်ဆံအိတ်ထဲက ငါးထောင်တန်တစ်ရွက်ကို ထုတ်ပြီး ဘောင်းဘီအိတ်ထဲ အဆင်သင့်လေး ထည့်ထားလိုက်မိတယ် ။
" ဆရာရှိလား အစ်မ "
" ရှိတယ် ညီမလေး "
ရုံးခန်းထဲမဝင်ခင် အရှေ့က စာရေးအစ်မကို မေးရသေးတယ် ။ ပါမောက္ခသမီးဆိုပြီး ထင်တိုင်းကြဲနေတယ်လည်း မဖြစ်အောင် ခွန်းက လိမ်လိမ်မာမာနေပြရတာ ။ မလွယ်ပါဘူး ။
" ဖေ့ရဲ့ အိမ်သူသက်ထားလေးက ဖေ့အတွက်ဆိုပြီး အုန်းထမင်းနဲ့ ကြက်သားဟင်း ပို့ခိုင်းလိုက်ပါတယ် ၊ စေတနာတွေ မေတ္တာတွေ အပြည့်နဲ့ ထည့်ပေးလိုက်တာ သယ်ရတာ လက်မောင်းပြုတ်တော့မယ် "
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Romanceအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။