၁၅

1.1K 172 16
                                    

( Recommended song for this part/ Die with a smile - Bruno Mars, Lady Gaga )

သွင်ဟာ ကျွန်မရဲ့ ပုခုံးပေါ် ရှိုက်လို့ ငိုခဲ့တဲ့ ညကစပြီး အဆက်အသွယ်မရတော့ဘူး ။ ကျွန်မရဲ့ ဖုန်းခေါ်ဆိုမှုတွေကိုလည်း ဖြေဆိုခြင်းမရှိသလို ပို့လိုက်တဲ့ စာတွေကိုလည်း ဝင်မဖတ်ကြည့်ဘူး ။ ရင်တွေပူလွန်းလို့ ‌အဖေ့ဖုန်းနဲ့တောင် ခေါ်ကြည့်မိပေမယ့် မကိုင်တဲ့အဆုံးတော့ သူ့ရဲ့ အလုပ်ကိုပဲ လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ် ။

" ညွှန်မှူး အလုပ်မလာတာ တစ်ပတ်လောက်ရှိပြီ ညီမလေး ၊ ခွင့်ယူထားတယ် "

သွင့်ရဲ့ အလုပ်ကို လိုက်ခဲ့တုန်းက တွေ့ဖူးတဲ့ အမျိုးသမီးဟာလည်း သွင် မလာကြောင်း ဖြေတော့ ကျွန်မရဲ့ စိတ်ဓာတ်တွေက အောက်ဆုံးအထိ ရောက်သွားတယ် ။

" အရေးကြီးရင် အိမ်ကို လိုက်သွားကြည့်လေ "

အိမ် !

ကျွန်မ ဘာလို့ အိမ်ကို လိုက်သွားဖို့ မစဉ်းစားမိတာပါလဲ ။ ကိုယ့်ကိုယ်ကိုယ်ပဲ နင့်နင့်သီးသီး အပြစ်တွေ တင်ရင်း သွင့်ရဲ့ အိမ်ကို အပြေးကလေး လာခဲ့မိပါတော့တယ် ။

သို့ပေမယ့်လည်း သော့ခတ်ထားတဲ့ ခြံတံခါးကို ကြည့်ပြီး တက်ခါစ စိတ်ဓာတ်ကလေးဟာ မီးရှို့ဖျက်ဆီးခံလိုက်ရသလို အငွေ့တလူလူနဲ့ သေဆုံးသွားတော့တယ် ။ အထဲမှာ ကားရပ်ထားပေမယ့် လူရှိတဲ့ အရိပ်အယောင်လည်း မတွေ့ ။

လူခေါ် bell ရဲ့ အောက်မှာ ထိုင်ချပြီး အုတ်တံတိုင်းကို မှီလို့ ကောင်းကင်ကို မော့ကြည့်မိတယ် ။ အခုလောက်ဆို ကောင်းကင်တစ်ခုတည်းရဲ့ အောက်မှာ အတူရှိနေတာရော ဟုတ်ရဲ့လား ။ ဒီကောင်းကင်ဟာ ကျွန်မတစ်ယောက်တည်းရဲ့ စိတ်ကူးသပ်သပ်နဲ့ တည်ဆောက်ထားတဲ့ ‌အတုအယောင်တစ်ခုများဖြစ်နေမလား ။ သွင်နဲ့ ကျွန်မဟာ ဘယ်တုန်းကမှ တူညီတဲ့ ကောင်းကင်တစ်ခုရဲ့ အောက်မှာ မနေထိုင်ခဲ့ဖူးတာလား ။

သွင်နဲ့ ကျွန်မဟာ မျက်နှာချင်းဆိုင်ရှိနေရင်းနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် မတွေ့နိုင်လောက်တဲ့အထိ ကွာဝေးနေကြတဲ့ ပုံပါပဲ ။ သွင် ရပ်နေတယ်လို့ ထင်မိတဲ့နေရာဆီ မရပ်မနားပြေးသွားခဲ့ပေမယ့် ကျွန်မ သွင့်ဆီကို မရောက်သေးဘူးလို့ပဲ ထင်ပါတယ် ။ နားလည်ရခက်လွန်းတဲ့ အမျိုးသမီးဟာ ကျွန်မကို တစ်သက်နဲ့တစ်ကိုယ် ပထမဆုံးဆိုတဲ့ ခံစားချက်တွေကိုပဲ ပေးနေခဲ့တာ ။

ချစ်ခြင်းသွင်ပြင်Where stories live. Discover now