* တီ *
ခြံရှေ့ကို ရောက်လာတဲ့ ကားအနက်ရောင်ကို စိတ်ဝင်တစားငေးနေမိပြီးမှ အိမ်ထဲက မေမေ့ရဲ့ ခြံတံခါးသွားဖွင့်ပေးလိုက်ပါဦးဆိုတဲ့အသံကြောင့် ဖတ်လက်စ ဝတ္ထုစာအုပ်တွေ ပစ်ချပြီး ခြံတံခါးထဖွင့်ရတော့တယ် ။
ဘေးကပ်ပြီး ရပ်နေရင်း မောင်းသူနေရာမှာ တွေ့လိုက်ရတဲ့ အမျိုးသမီးကြောင့် ခွန်းတစ်ကိုယ်လုံး တောင့်ခဲသွားတယ် ။ တစ်လလုံး မတွေ့ရတော့ မေ့မေ့ပျောက်ပျောက်ပဲ နေနိုင်ပြီ ထင်ထားတာကို ။
သူစီးနေကျ ကားက အဖြူရောင်ပါ ၊ အခုကတော့ အနက်ရောင်ဖြစ်နေတာပဲ ။ ဖေဖေက သူ့ကို တံခါးဝကနေ ကြိုတယ် ။ ကားထဲကနေ အထုပ်တွေ တနင့်တပိုးသယ်ထုတ်သွားတာကိုလည်း တွေ့လိုက်တယ် ။ သူတို့ဟာသူတို့တော့ ဟုတ်နေတာပဲ ။
ခွန်း အိမ်ထဲ ဝင်သွားသင့်ရဲ့လား မသိဘူး ။ ခြံထဲမှာပဲ ဆက်ထိုင်နေဖို့ ဆုံးဖြတ်လိုက်ပြီး စာအုပ်တွေ ပစ်ချထားခဲ့တဲ့ ဒန်းပေါ် ပြန်ထိုင်နေလိုက်တယ် ။ ဒါပေမယ့် အိမ်ထဲက ဖေဖေ့ရဲ့ ရယ်သံကျယ်ကျယ်က ပေါ်ထွက်လာတော့ မနေနိုင်မထိုင်နိုင် မတ်တပ်ထရပ်မိပြန်ရော ။ နောက်ဆုံးတော့ စာအုပ်တွေကို ပိုက်ပြီး အိမ်ထဲ ပြန်ဝင်လာခဲ့လိုက်တယ် ။ အိမ်ထဲဆရာက်တော့လည်း ယောင်လည်လည်လုပ်နေရင်းက ခြံထဲမှာ မှောင်နေတာကို သတိထားမိတော့ မီးခလုတ်တွေ ဖွင့်လိုက်တယ် ။
" မင်္ဂလာပွဲကလည်း နီးပြီဆိုတော့ ပြန်လာလိုက်တော့တာ ဆရာ ၊ ဆရာ့ကျေးဇူးကြောင့် စာတမ်းကလည်း အဆင်ပြေပြေ ပြီးသွားပါတယ် "
ဒိန်းခနဲ တစ်ချက် ခုန်သွားတဲ့ နားထင်က သွေးကြောတွေကြောင့် ခြေလှမ်းတွေကို ရပ်ပစ်လိုက်မိတယ် ။ ဒီအမျိုးသမီးမှာ ရည်ရွယ်ထားတဲ့လူ ရှိနေတာလား ။ ဟိုတစ်ခေါက်ကတော့ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးဆိုပြီး ။
" အေးကွာ ကူညီနိုင်တာမို့လို့ ကူညီပေးရုံပါ ၊ အဆင်ပြေတယ်ဆိုရင်ပဲ ဝမ်းသာရပါတယ် "
" ဪ ခွန်းခွန်း ၊ စာအုပ်တွေ ထားပြီးရင် ခဏလာဦး "ဒီအမျိုးသမီးရှေ့မှာ ခွန်း သူခိုးလူမိဖြစ်ရတာ ဘယ်နှကြိမ်မြောက်မှန်းကို မသိတော့ဘူး ။ စာအုပ်တွေကို မီးဖိုခန်းက စားပွဲပေါ်တင်ပြီး ဧည့်ခန်းဆီ ခပ်သွက်သွက်ပြန်လာလိုက်တော့တယ် ။
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Romanceအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။