လှေကားတစ်ဆင့်ကို ခြေချော်ပြီး နင်းမိသလို ချောက်ကမ်းပါးထဲကို လွင့်စင်သွားသလို ခံစားမိပြီး လန့်နိုးလာရတဲ့အခိုက်အတန့်တိုင်းက ဘယ်တုန်းကမှ မလွယ်ကူခဲ့ဘူး ။ အထူးသဖြင့် အမျိုးသမီးနဲ့ ပတ်သတ်သမျှ အိပ်မက်တိုင်းက အရင်လို ပန်းတွေ မပွင့်တော့ဘူး ။ သိပ်ခက်တာပါပဲ ။
အမရာနဲ့ တွေ့ခဲ့တဲ့ ညက စလို့ သွင့်ဆီကို ကျွန်မ မဆက်သွယ်မိဘူး ။ ဘယ်အရာက မှန်မလဲဆိုတာကို မသိပါဘဲ စမ်းတဝါးဝါးနဲ့ လမ်းတွေကို လျှောက်နေမိပြန်ပြီ ထင်ပါရဲ့ ။
ကျွန်မရဲ့ အမျိုးသမီးကို တွေ့ချင်လွန်းလို့ ရူးမတက်ဖြစ်နေပေမယ့် သူ့ရဲ့ ရှေ့ကို ဘယ်လို စိတ်နဲ့ လှမ်းသွားရမယ်ဆိုတာကို မသိဘူး ။
"တို့အတွက်တော့ သိပ်ကို နူးညံ့တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တာ "
ခေါင်းထဲ ထပ်ဝင်လာတဲ့ အမရာ့ရဲ့ အသံတွေကို မျက်နှာကို ခပ်ဆဆရိုက်ရင်း ခါထုတ်မိတယ် ။ မဟုတ်ဘူး ၊ ကျွန်မ အမရာ့ကြောင့်နဲ့ သွင့်ကို လက်လျှော့လိုက်စရာအကြောင်းမရှိဘူး ။ ဘယ်လိုပဲ ပြောပြော အတိတ်ကလူဟာ အတိတ်မှာပဲ နေခဲ့ရမှာပေါ့ ။ သွင့်ရဲ့ အနာဂတ်ကို ရဖို့ကတော့ ကျွန်မ ကြိုးစားရမယ့် အလုပ်တစ်ခုပဲလေ ။
မိုးလင်းရင်တော့ မဖြစ်မနေသွင့်ဆီကို သွားရမယ် ။ မျက်နှာလေးဖြစ်ဖြစ် မတွေ့ရရင် ကျွန်မ စိတ်တွေ လွတ်ထွက်သွားတော့မှာ ။ မိုးလင်းဖို့ ကျန်ရှိနေသေးတဲ့ အချိန်တွေကို အိပ်ရာပေါ် လူးလိမ့်ရင်း ကုန်ဆုံးလိုက်မိတယ် ။
မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားသေးတာကြောင့် ကျွန်မ အိပ်ရာနိုးတဲ့အချိန်ဟာ မေမေ့ရဲ့ ကားသံကိုပဲ ကြားလိုက်ရတဲ့အချိန်ဖြစ်နေပြီ ။
မျက်နှာသစ်လို့ မီးဖိုခန်းထဲ ဝင်လာတော့ မေမေပြင်ပေးခဲ့တဲ့ မနက်စာကို တွေ့တယ် ။ မစားသေးဘဲ နံရံမှာ ချိတ်ထားတဲ့ အေပရွန်ကို ဖြုတ်ပြီး ခါးမှာ စည်းချည်လိုက်တယ်။ ဓားတွေ ထည့်ထားတဲ့ သစ်သားဓားအိမ်ထဲက ဓားတစ်ချောင်းကို ဟန်ပါပါနဲ့ ဆွဲထုတ်လိုက်ပြီး ကျွန်မအကြိုက်ဆုံး လုပ်ငန်းဆောင်တာ တစ်ခုဖြစ်တဲ့ ဟင်းချက်ခြင်းကို စတင်လိုက်တယ် ။
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Romanceအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။