" ခွန်းခွန်း ၊ သမီး မေမေဝင်လာမယ်နော် "
အခန်းရှေ့က မေမေ့အသံကြောင့် စာကျက်တာကို ခဏရပ်လိုက်တယ် ။ မေမေက ခွန်းတံခါးမဖွင့်ပေးရင် ဝင်လာမှာ မဟုတ်တာကြောင့် တံခါးထဖွင့်ပေးလိုက်တယ် ။
မေမေ့လက်ထဲမှာတော့ ကန်စွန်းဥပြုတ်ကို အတုံးလေးတွေ တုံးပြီး ထည့်ထားတဲ့ ပန်းကန်လေး ပါလာတယ် ။
" စာလည်း လုပ်ရင်းစားဖို့ ၊ မေမေ ကန်စွန်းဥပြုတ်လာတယ် "
" ဟဲဟဲ ဗိုက်ဆာနေတာနဲ့ အတော်ပဲ "
" ဟုတ်ပါပြီ ၊ ဗိုက်လည်း ဖြည့်ရင်း စာလုပ် ။ အောက်မှာ သမီးဖေဖေနဲ့ ကလျာ့အတွက်လည်း စားဖို့ တစ်ခုခု လုပ်ပေးလိုက်ဦးမယ် "
ထိုင်ခုံမှာ ထိုင်ချတော့မယ့်ဆဲဆဲကို မေမေ့ကို ဆက်ခနဲ လှည့်ကြည့်လိုက်မိတယ် ။ ဒီအမျိုးသမီးက ခွန်းတို့အိမ်ကို လာလှချည်လား ။
" ဒီအချိန်ကြီးမှလေ "
" ဪ ကလျာက စာတမ်းတစ်ခုအတွက် သမီးဖေဖေကို အကူအညီတောင်းထားတာလေ ။ အဲ့စာတမ်းမပြီးသေးခင်တော့ အချိန်မရွေးလာနေဦးမှာပဲပေါ့ ၊ ဘာလို့ကလျာ့အကြောင်းပြောလိုက်တာနဲ့ နေမထိထိုင်မသာဖြစ်သွားတာလဲ မမနဲ့ ကျောင်းသွားတဲ့ နေ့က တစ်ခုခုများ ဖြစ်ထားလို့လား "
မေမေ့စကားကို ခေါင်းတွင်တွင်ရမ်းလို့ ငြင်းချက် ထုတ်လိုက်မိတယ် ။
" အာ မဟုတ်ပါဘူး ၊ မဖြစ်ပါဘူး ။ ဒီတိုင်း နောက်ကျနေပြီ ထင်မိလို့ "
" ဪ ရပါတယ်ကွယ် ၊ နောက်ကျတော့လည်း ခွန်းခွန်းနဲ့ပဲ ထပ်အိပ်ခိုင်းရမှာပေါ့ "
မေမေ ထွက်သွားရင်တော့ ဘေးခန်းကို သွားရှင်းပေးဖို့ စိတ်ကူးမိတယ် ။ ခွန်းနဲ့ အတူ ထပ်အိပ်ဖို့ကတော့ မဖြစ်နိုင်ဘူး မဟုတ်လား ။
ဒါပေမယ့်လည်း ဘေးခန်းကို သွားပြီး သန့်ရှင်းရေးလုပ်ရမယ့်အစား စာထဲတောင် အာရုံ မစိုက်နိုင်ဘဲ ဖင်တကြွကြွ ဖြစ်နေရတယ် ။ ခွန်း ဘာလို့ အဲ့လောက်တောင် တုန်လှုပ်နေရတာလဲ ။
" ရေ ! "
သောက်ရေဘူးထဲက ရေကုန်နေတာကို သတိထားမိသွားတော့ ရေဘူးကို ဆက်ခနဲ ကောက်ကိုင်ပြီး အောက်ထပ်ကို ပြေးဆင်းလာခဲ့တယ် ။
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Romanceအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။