Chapter (10)

78.3K 6.3K 45
                                    

Unicode

***********

'မြူခိုးရဲ့ကျောပိုးအိတ်ထဲမှာ သုံးလက်စ ဆေးထိုးအပ်နဲ့ ဆေးပုလင်းတွေကို တွေ့ရပါတယ်။ ပြီးတော့ သူ့ကို စစ်ဆေးတဲ့အခါမှာလည်း ကိုယ်တိုင် သုံးစွဲထားတာကို တွေ့ရပါတယ်။ နောက်ထပ် ကျွန်တော်တို့ ဖမ်းမိထားတဲ့ တရားခံတစ်ဦးကလည်း သူ့ဆီမှာ မြူခိုးကိုယ်တိုင် ဆေးတွေကို ဝယ်ယူခဲ့တယ်လို့ ဝန်ခံထားပါတယ်..'

ဒေါ်သီရိ မယုံကြည်နိုင်စွာ ရဲအရာရှိပြောစကားကို နားထောင်နေလျက်ရှိသည်။ မြူခိုးကို ရဲစခန်းတွင် ချုပ်ထားသည်မှာ တစ်ရက်ရှိနေပြီ ဖြစ်သည်။ မနေ့က သတင်းထောက်များသည် ရဲစခန်းကိုပင် ရောက်လာကြကာ ဆူညံပွက်လောရိုက်လျက် ရှိနေကြသဖြင့် ဘာမှ သေချာမမေးလိုက်ရ။ ဒါကြောင့် ခုမနက်မှ သေချာမေးရခြင်းဖြစ်သည်။

ဘေးတွင်ရှိနေသော တေး၊ နေခွန်းနှင့် စည်သူတို့ကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နားမလည်နိုင် ဖြစ်နေကြသည်။ မြူခိုးကို ဖမ်းခေါ်သွားပြီးတော့ အခြေအနေကို သေချာသိစေရန် ရဲစခန်းကို လိုက်လာကြရသည်။ ခေါ်ထားသော ရှေ့နေကလည်း ရောက်မလာသေးပေ။

'ကျွန်မရဲ့သားကြီးက ဒါမျိုးလုပ်တဲ့လူမျိုး မဟုတ်ပါဘူးရှင်.. ရဲအရာရှိကြီးတို့ ဖမ်းခေါ်သွားတဲ့ အချိန်မှာလည်း သားက ဘာမှမသိဘူးဆိုတာကို အမေဖြစ်တဲ့ကျွန်မ ကောင်းကောင်းသိပါတယ်ရှင်'

'ဟုတ်ပါတယ်. ကျောင်းမှာဆိုရင်လည်း ကျွန်တော်တို့နဲ့ဘဲ တစ်ချိန်လုံးရှိနေတာပါ.. မြူခိုး ဒါမျိုးတွေ သုံးနေတယ်ဆိုတဲ့ အရိပ်အယောင်လေးတောင် မရှိခဲ့ပါဘူး'

'ကျွန်တော်တို့ကလည်း သက်သေမခိုင်လုံဘဲနဲ့ မဖမ်းပါဘူး၊ သက်သေခိုင်လုံမှသာ အမှုကို တည်ဆောက်ခွင့် တရားခံဖမ်းဆီးခွင့် ရှိတာပါ၊ ဆေးတွေကို အိတ်ထဲမှာ တွေ့ရပြီး လူကိုစစ်ဆေးတော့လည်း သုံးစွဲထားတယ်ဆိုတာကို တွေ့ရတယ်ဆိုတာက ဘယ်လိုမှ ငြင်းလို့မရတဲ့ အချက်ပါ၊ တရားခံကို စစ်ဆေးတော့လည်း၊ သုံးစွဲထားတယ်ဆိုတာကို ဝန်ခံထားပေမယ့် တခြားဟာတွေကိုတော ဖြေထားတာ ယုတ္တိမရှိပါဘူး၊ ပြန်ပေးဆွဲခံထားရပြီး အတင်းကို ဆေးထိုးပေးခံရတယ်ဆိုတာ သက်သေမပြနိုင်ပါဘူး၊ သူပြောတဲ့ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ နေရာကို သွားစုံစမ်းကြည့်တော့လည်း သူပြောတာတွေက မှားနေပါတယ် ဒါ့အပြင်ကို သူပြောတဲ့ ကိုခန့်ပိုင် ကိုရဲသီဟနဲ့ ကိုစေနိုင်သူတို့က မြူခိုး အတင်းဖမ်းဆီးခံရတယ်လို့ ပြောတဲ့အချိန်မှာ တခြားနေရာတွေမှာ ရှိနေကြတယ်ဆိုတာကို သက်သေနဲ့တကွ အစစ်ခံကြပါတယ်၊ ဒါကြောင့် မြူခိုးဟာ မူးယစ်ဆေးဝါးကို သုံးစွဲမှု၊ လက်ဝယ်ထားရှိမှုအပြင် ရောင်းဝယ်ဖောက်ကားမှုနဲ့ပါ ဖမ်းချုပ်ထားနိုင်ပါတယ်'

InnocenceWhere stories live. Discover now