Tang Feng ဟာ Lu Tian Chen နဲ့ နှစ်ယောက်တည်း သီးသန့် ညစာစားခွင့် ရတာ ဒီနေ့က ပထမဆုံးပဲ ။ Xiao Yu ဟာ သူ့ရဲ့ ကိစ္စတွေကို လိုက်လုပ်ပေးရဖို့ ဘေးမှာ အတူရှိနေရမယ့် မန်နေဂျာ ဖြစ်ပေမယ့်လည်း Lu Tian Chen ဟာ သူမကို အိမ်ပြန်ခိုင်းလိုက်တယ် ။ Lu Tian Chen အရှေ့မှာ ပျာယာခတ်ကာ ကျိုးကျိုးနွံနွံ အပြတ်ဖားခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ချောင်ထိုးခံလိုက်ရတဲ့ Xiao Yu အကြောင်း ပြန်တွေးလိုက်မိတော့ Tang Feng အဲ့ဒီ မနူးမနပ် ကောင်မလေးရဲ့  ခေါင်းကို ခပ်နာနာလေး ခေါက်လိုက်ချင်မိတယ် ။ အသုံးမကျတဲ့ ခွေးပေါက်စလေး ။
စားသောက်ဆိုင်တစ်ခုရဲ့ ဝင်ပေါက် အရှေ့နားမှာ ကားဟာ ရပ်တန့်သွားတယ် ။ Lu Tian Chen ဟာ ကားသော့ကို တံခါးစောင့် လက်ထဲ လှမ်းပေးလိုက်တယ် ။ Tang Feng ဟာ Lu Tian Chen နောက်ကနေ လိုက်သွားတယ် ။ အထဲကို ရောက်တော့ စားပွဲထိုးခေါင်းဆောင်ဟာ သူတို့နှစ်ယောက်ရှိရာကို လျှောက်လှမ်းလာပြီး ခရီးဦး ကြိုဆိုလေတယ် ။ ဒီအနေအထားကို ကြည့်ရတာ Lu Tian Chen ဟာ ဆိုင်ကို ပုံမှန် လာနေကျ ဖောက်သည်တစ်ယောက် ဖြစ်နေမယ်ထင်တယ် ။ ဒီအတွေးကို မှန်ကန်ကြောင်း သက်သေပြလိုက်တာကတော့ Tang Feng ကို တွေ့လိုက်ရတဲ့ အချိန် အံသြသွားတဲ့ စားပွဲထိုးခေါင်းဆောင်ရဲ့ အမူအယာကြောင့်ပဲ ။ Lu Tian Chen နဲ့ အတူ ခါတိုင်း ဒီဆိုင်ကို လာရောက်စားသုံးနေကြလူဟာ သူမဟုတ်လို့ ခုလို ဖြစ်သွားတာမှန်း Tang Feng ရိပ်စားမိတယ် ။
အဲ့ဒီလူက ဘယ်သူများလဲ ? Ge Chen များလား ?
" President Lu... ခါတိုင်း သုံးဆောင်နေကျ ဟင်းလျာတွေပဲ ပြင်ဆင်ပေးရမလား ခင်ဗျာ ။ "
သီးသန့် vip အခန်းထဲမှာ စားပွဲထိုးခေါင်းဆောင်ဟာ ညင်သာစွာ အမေးစကားဆိုလေတယ် ။ သူ့ရဲ့ အကြည့်တွေဟာ တစ်ချက်တစ်ချက် Tang Feng ဆီကို ရောက်ရောက်လာတယ် ။
Lu Tian Chen ရဲ့ နူတ်ခမ်းဟာ အဖြေပြန်ပေးဖို့ ခပ်ဟဟ ပွင့်ဟလာတယ် ။ ဒါပေမယ့် Tang Feng ကို ကြည့်လိုက်ပြီးတော့ မီနူးကဒ်ကို လှမ်းပေးတယ် ။
" မင်း ဘာစားချင်လဲ ? ကြိုက်တာမှာ ။ "
Tang Feng ကလည်း လက်မနှေးပါဘူး ။ စာအုပ်ကို လှန်ကြည့်ပြီးတော့ သူ့ရဲ့ အကြိုက်နဲ့လည်း ကိုက်ညီမယ် ။ ဈေးလည်းကြီးပေ့ဆိုတဲ့ ဟင်းလျာမျိုးတွေကို ရွေးမှာလိုက်တယ် ။ သူ့အကြိုက်နဲ့ မတူလို့ ခံတွင်းမတွေ့ရင်လည်း ပြသနာမရှိဘူး ။ အဓိကအချက်က အဲ့ဒီ ဟင်းလျာတွေအကုန်လုံး ဈေးအရမ်းကြီးတာတွေ ဖြစ်ရင်ပြီးရော ။ President Lu ကိုယ်တိုင် တကူးတက လိုက်လာပြီး ခုလို ညစာလိုက်ကျွေးတဲ့ အခွင့်အရေးဆိုတာ အရမ်းရှားပါးတယ်မလား ။ အဲ့ဒီတော့ ဖိတ်ကျွေးတဲ့သူ ကျေနပ်သွားအောင် သူ့ဘက်က ပြန်လုပ်ပေးရမယ်လေ ။
![](https://img.wattpad.com/cover/126960105-288-k115143.jpg)
YOU ARE READING
True Star (Myanmar Translation )
Romanceလတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဒီဇာတ်လမ်းလေးကို တည်ဆောက်ထားတာဟာ သမရိုးကျ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကွဲထွက်နေပြီး ရုပ်ရှင် Industry အကြောင်းနဲ့ သရုပ်ဆောင်ခြင်...