ဂျိန်း !!!
ကြောက်ခမန်းလိလိ မိုးခြိမ်းသံနှင့်အတူ ပေါ်လာသော လျှပ်ပန်းလျှပ်နွယ်များက ကောင်းကင်တခွင် ဝင်းခနဲ လက်ခနဲ။ ငြိုးမာန်ပြင်းပြင်း တိုက်ခတ်နေသော လေအဟုန်ကြောင့် အိမ်ဘေးနားက ခရေပင်အိုကြီး၏ အကိုင်းအခက်များသည် ယိမ်းနွဲ့လှုပ်ခါနေကာ ခနော်နီခနော်နဲ့ နိုင်လှသော ဓနိမိုး၊ ထရံကာ အိမ်ကလေး၏ ခေါင်မိုးကို မညှာမတာ ရိုက်ခတ်နေလေသည်။
ဖောက် ဖောက် ဖောက် !!!
တဖြိုင်ဖြိုင် ရွာသွန်းနေသော မိုးရေစက်များသည် ဓနိမိုးအပေါက်အပြဲ နေရာများမှတဆင့် အိမ်ကလေးထဲသို့ တစ်စက်တစ်စက် ယိုစိမ့်ကျလျက်ရှိနေသည်။ထိုအိမ်ကလေး၏ အတွင်းခန်းတွင် အသက် ၁၅ နှစ်အရွယ် ကောင်လေးသည် မိုး၏ အေးမြစွတ်စိုမှု၊ တဂျိန်းဂျိန်း ခြိမ်းနေသော မိုးခြိမ်းသံများနှင့် အိမ်ခေါင်မိုးကို ထိခတ်နေသော ခရေကိုင်းတို့၏ ရိုက်ခတ်သံများကို အန်တုကာ အေးစက်စက်ကြမ်းခင်းပေါ်တွင် စောင်အပါးတစ်ထည် လွှမ်းခြုံကာ ဒူးခေါင်းနှစ်ဖက်ကိုကွေး၍ အိပ်မောကျလျက် ရှိနေသည်။
ဖြန်း !!!
"ဟဲ့! အကောင်၊ နယုန်၊ မိုးသားနယုန်၊ ထစမ်း၊ ဘယ်အချိန်ရှိနေပြီလဲ၊ အပါးခိုတဲ့ အကောင်၊ ထစမ်း"
ကျောပြင်ပေါ်ကို ခပ်ပြင်းပြင်းကျရောက်လာသော လက်ဝါးရိုက်ချက်ကြောင့် နယုန်သည် အိပ်မောကျနေရာမှ နိုးသွားသည်။ အိပ်ချင်မူးတူး ဖြစ်နေသေးသော မျက်လုံးအစုံကို ပွတ်သပ်ကြည့်လိုက်တဲ့အခါ နယုန့်အရှေ့မှာ ခါးထောက်ရပ်နေသော ဒေါ်လေးမေကို အလိုမကျဖြစ်နေသော မျက်နှာတိ၊ မျက်နှာထားနှင့် မြင်လိုက်ရသည်။
"နိုးပြီလား အကောင်၊ ဘယ်နှယ့်တော် ကိုယ့်တာဝန် ကိုယ်မသိ၊ ကိုယ့်အလုပ် ကိုယ်မလုပ်ရင် ထမင်းစားဖို့ စိတ်မကူးနဲ့၊ ဒီအိမ်မှာနေရင် နင့်အတွက် အလကားရတဲ့ ထမင်းဆိုတာ မရှိဘူးဟဲ့"
"ကျွန်တော် ညက စာကျက်တာ ညဥ့်နက်သွားလို့ မနိုးတော့တာ ဒေါ်လေးရယ်၊ ကျွန်တော် တောင်းပန်ပါတယ်"
"အေး အဲ့ဒီကျောင်းကလည်း ထွက်ဖို့ပြင်ထား၊ ဘယ်နှယ့် သောက်ဆံကျမရှာနိုင်ဘဲ ကျောင်းနေချင်သေးတယ်၊ နင့်အဖေက ဘယ်နှစ်ပြား ရှာကျွေးနေလို့ နင်က ကျောင်းတက်ချင်နေတာလဲ၊ နင့်အဖေကို သောက်ထင်ကြီးမိတာ ငါ့အမှားပါအေ၊ အလကား ဟန်သာရှိတယ်၊ အဆံမရှိတဲ့ အရက်သမား"
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်