ဦးက နယုန့်ကို ပန်းစံပယ်ဖြူစင်လို့ အမည်ရသည့်ဆေးရုံကို ခေါ်လာသည်။ ဆေးရုံဝန်ထမ်းနဲ့ တွေ့ပြီးတာနဲ့ လူနာအခန်းတစ်ခုကို နယုန်ရောက်လာသည်။ လူနာကုတင်နှင့် နယုန့်ကျောပြင်လေး ထိတွေ့ရတဲ့အရသာက အိမ်က ကြမ်းခင်းလို အေးစက်မနေဘဲ နွေးထွေးပြီးတော့ အိစက်နေသည်။
"ကောင်လေးတစ်ကိုယ်လုံးလည်း မိုးရေရွှဲနေတာ၊ ဆေးရုံဝတ်စုံ လဲပေးလိုက်နော်၊ အဝတ်အစားလဲပြီးရင် ဒေါက်တာနဲ့ ဝင်ပြရမယ်"
နယုန့်တစ်ကိုယ်လုံး အဝတ်အစားတွေက မိုးရေရွှဲနေပြီ။ ဆေးရုံဝန်ထမ်းက အခန်းထဲရောက်လာပြီးတော့ ဦးရဲ့လက်ထဲကို ဆေးရုံဝတ်စုံကို လာထည့်ပေးပြီး အခန်းထဲမှ ပြန်ထွက်သွားသည်။
"သြော် .. တီလေးမွန်၊ ညီညီ့ကို အင်္ကျီလဲပေးချင်လို့ အခန်းအပြင်ကို ခဏ ထွက်နေပေးပါဦး"
"အင်း အင်း ရောင်ခြည်"
တီလေးမွန်လို့ သိရသည့် အန်တီက အခန်းအပြင်ကို ထွက်သွားတာနဲ့ ဦးက နယုန်ဝတ်ထားသော ရေစိုအင်္ကျီကို ချွတ်ပေးဖို့လုပ်သည်။ နယုန် မျက်လုံးလေးကပါ ပြူးကျယ်ဝိုင်းစက်သွားရသည်။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ အခုမှ သိရသည့် သူစိမ်းတစ်ယောက်၊ နာမည်လေးတောင် မသိရသေးသည့် သူစိမ်းတစ်ယောက်ရှေ့ မှာ နယုန် အဝတ်အစား မလဲချင်ပါ။
"ဟို .. ဦး၊ ရပါတယ်ဗျ၊ ကျွန်တော် ကိုယ့်ဘာသာ လဲတတ်ပါတယ်၊ ကိုယ့်ဘာသာ လဲလိုက်မယ်"
"ကဲ..ကိုကိုပြောတယ် မဟုတ်လား၊ မင်းက ကိုကို့ညီလေး ရောင်နီပါလို့၊ ညီညီလည်း ကလေးဆိုပေမယ့် အရမ်းရှက်တတ်တာ"
ဦးပြောလိုက်တာကို နယုန်နားမလည်နိုင်ဘဲ ကြောင်အမိနေတုန်းမှာ ဦးက နယုန့် အင်္ကျီကို ဆွဲချွတ်ပေးလာသည်။ ဆေးရုံအင်္ကျီကို ကြယ်သီးတစ်လုံးချင်း တပ်ပေးပြီး ပြန်ဝတ်ပေးသည်။
"ဟို .. ဦး၊ ကျွန်တော့် ကိုယ့်ဘာသာ လုပ်လိုက်ပါ့မယ်၊ ဟို .. ဟို"
ရောင်ခြည်လည်း မျက်လုံးလေး ဝေ့ပြီး ကောင်လေးကို ကြည့်လိုက်သည်။ ကောင်လေးက နားရွက်ဖျားလေးတွေရော ပါးပြင်လေးတွေပါ ရဲတွတ်တက်နေသည်။ ရောင်ခြည် စိတ်လောသွားမိသည်။ ရောင်ခြည့်စိတ်ထဲမှာ ဒီကောင်လေးကို အိမ်က ညီညီဆိုပြီး ခံယူလိုက်ပေမယ့် ကောင်လေးဘက်က ပြန်တွေးကြည့်ရင် ရောင်ခြည်က အခုမှ တွေ့ ရသည့် သူစိမ်းတစ်ယောက်သာ။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်