ဦးနှင့်နယုန် အိမ်မပြန်ကြသေးဘဲ ကြာကန်ကြီးရှေ့မှာ ထိုင်နေကြသည်။ နယုန်က ဦးရဲ့ပခုံးကို ခေါင်းမှီကာ ကြာကန်ကို ခဲလုံနဲ့ လှမ်းပစ်ပေါက်သည်။ ဦးက အနောက်အရပ်ကို အစွယ်ကျိုး ငုပ်ဆင်းသွားသော နေလုံးကြီးကို တစ်ချက်ကြည့်လိုက်ပြီးမှ နယုန်ကို ကြည့်လာသည်။
"နေဝင်တော့မယ် ကလေး၊ အိမ်ပြန်တော့မလား"
"ဟုတ် .. ဦး၊ ပြန်ကြမယ်လေ"
နယုန်တို့တွေ ကားပေါ်ကို ပြန်တက်လာကြသည်။ ဦးက နယုန့်မျက်နှာအနားကို တိုးကပ်ကာ ကားနံရံမှာမြှုပ်ထားတဲ့ ထိုင်ခုံ ခါးပတ်ကြိုးကို လှမ်းဆွဲသည်။ ဦးကတော့ နယုန့်ကို ညီလေးလို သဘောထားတာမို့ ရိုးရိုးသားသားပါ။ နယုန်ကသာ ဆန်းဆန်းပြားပြားမို့ ဦးဆီက ကိုယ်သင်းနံ့လေးကို ရလိုက်တိုင်းမှာ ဆယ် ကျော်သက် ရင်ခုန်သံတွေဟာ ဝုန်းဒိုင်းကြဲနေတာ။
"ကဲ .. ကလေး၊ အိမ်ကို ရောက်ပြီ၊ အပြင်ထွက်ချင်သေးလား၊ မနက်ဖြန် မနက် ၈ နာရီ ကိုကိုလာခေါ်မှာနော်"
"ဟင့်အင်း၊ အပြင်မထွက်ချင်တော့ဘူး၊ ဒါပေမယ့် ဟိုလေ ရေချိုးချင်လို့၊ ချွေးအရမ်းထွက်ပြီး ရေမချိုးရလို့ တစ်ကိုယ်လုံး ယားနေပြီ"
"ကလေး ရေချိုးဖို့ ဘယ်သူမှ မလုပ်ပေးဘူးလား"
"ဟင့်အင်း၊ ဟိုလေ ရေတွင်းက ရေကို ကြိုးနဲ့ဆွဲရမှာဆိုတော့ လက်ကောက်ဝတ်က နာနေလို့ ကျွန်တော် မဆွဲနိုင်လို့"
"ဒါများ ရေချိုးချင်ရင် ကိုကိုကူပေးမှာပေါ့၊ အိမ်ပေါ်သွားရအောင်လား"
"ဟုတ်"
ဦးကို နယုန်တို့အိမ်ပေါ်ကို ခေါ်လာရတာ အားနာစရာ ကောင်းသည်။ နယုန်တို့ အိမ်လေးက ဦးလို ခမ်းနားထည်ဝါတဲ့ ဆရာဝန်တစ်ယောက်နှင့် ဘယ်လိုမှ မလိုက်ဖက်တဲ့ ဓနိမိုးထရံကာ အိမ်ကလေး။ ဝတ်ထားတဲ့အဝတ်အစားနဲ့ မလိုက်ဖက်စွာ ဦးက ကြမ်းခင်းညိုညစ်ညစ်ပေါ်မှာ ထိုင်ချလိုက်သည်။
"ကြမ်းပြင်ပေါ် မထိုင်ပါနဲ့၊ အားနာစရာကြီးဗျ၊ ဖျာပေါ်မှာ ထိုင်ပါ ဦးရာ"
ဦးကို အားနာလွန်းလို့ နယုန်သည် သင်ဖြူးဖျာကိုယူပြီး ကြမ်းပြင်ပေါ်မှာ အမြန်ခင်းချပေးလိုက်ရသည်။ ဦးက တိတ်ဆိတ်ငြိမ်သက်နေတဲ့ အိမ်ကလေးကို ဟိုကြည့်ဒီကြည့်နှင့်။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်