ဦးကို မျက်ရည်ကျအောင်လုပ်သည့် တရားခံဟာ ဘယ်သူဖြစ်နိုင်လဲလို့ နယုန်စဉ်းစားနေမိသည်။နယုန်တို့နှင့် ဆက်နွယ်ပတ်သက်နေတာက မန္တလေးမှာဆိုရင် မမသဇင်နှင့် ကြယ်ပဲရှိသည်။ မမသဇင်ကများ ဦးကို ဆိုးရွားသိမ်နုပ်တဲ့စကားတွေ ပြောခဲ့သလား။ မမသဇင်က စကားလုံးရိုင်းရိုင်းတွေမသုံးပဲ အလိမ္မာ သုံးပြီးတော့ လူကိုအထိနာအောင် ပြောတတ်တယ်ဆိုတာ နယုန်ကိုယ်တိုင် ကြုံခဲ့ဖူးလို့ သေချာသိသည်။ အဲ့ဒါဆို ကြယ်များလား။ နယုန်မေးတာကို ဦးက ပြန်မဖြေပေမယ့် ကြီးမွန်ကို သွားမေးလျှင်တော့ နယုန်သိချင်သည့်အဖြေကို ရလောက်သည်။ ဒါပေမယ့် ဦးက နယုန့်ဘေးမှာ ရှိနေသေးလို့ ကြီးမွန်ကို နယုန် သွားမမေးသေးပါ။
"နယုန် ဗိုက်ဆာနေပြီလား၊ နေ့လယ်စာ သွားစားတော့မလား"
"ဟုတ်ကဲ့ ဦး"
ဦးနှင့်နယုန်သည် အိမ်အောက်ထပ်က ထမင်းစားခန်းကို ဆင်းလာကြသည်။ကြီးမွန်က ထမင်းစားပွဲပေါ်မှာ နေ့လယ်စာကို အဆင်သင့်ပြင်ထားပေးသည်။ ဦးနှင့် ကြီးမွန်အတွက် နေ့လယ်စာက ဦးက အိမ်မှာရှိနေတဲ့ ရက်ဆိုပြီး ကြီးမွန်က အုန်းထမင်းချက်ကျွေးသည်။ တွဲဖက်စားရမယ့် ဟင်းအမယ်က အရသာရှိလှသော မြန်မာကြက်သားဟင်း။ ကြီးမွန်ကိုယ်တိုင် ပုလင်းနဲ့ သိပ်ထားသည့် သရက်သီးသနပ်ကလည်း အအီပြေလေးအဖြစ် စားပွဲအလယ်မှာ တစ်ပန်းကန် နေရာယူသည်။ နယုန့်အတွက်က လူမမာစာ ကြက်စွပ်ပြုတ်ပူပူတစ်ခွက်။
"ဦး.. ပန်းကန် မဆေးနဲ့ဗျ၊ ဦး စားထားတဲ့ပန်းကန်ကို ကျွန်တော်ဆေးပေးချင်လို့ပါ၊ အခုရော နောင်ရော"
ဦးက ထမင်းဝိုင်းမှ အရင်ဆုံး ပြန်ထသည်။ နယုန်က ဦးရဲ့ပန်းကန်ကို လှမ်းဆွဲလိုက်တာမို့ ကြီးမွန်က ရယ်သည်။ ဦးကို ကျေးဇူးပြန်မဆပ်နိုင်သေးတဲ့အချိန်မှာ နယုန်တတ်နိုင်တဲ့ အလုပ်အကျွေးပြုခြင်းဖြင့် ဦးကို ကျေးဇူးဆပ်ချင်တာ။
"သားနယုန်တို့များ မျက်နှာလိုက်တယ်နော်၊ သူ့ကိုကို စားထားတဲ့ ပန်းကန်ကျတော့ ဆေးချင်လွန်းလို့ ဆွဲလုနေပါလား"
"ဟီး.. ကြီးမွန်ပန်းကန်လည်း ကျွန်တော် ဆေးပေးမှာပေါ့"
"ကြီးမွန်က စတာပါကွယ်၊ ပန်းကန်တွေ ကျကွဲမှာပေါ့ သားရဲ့"
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်