ညနေ ၅ နာရီခွဲလောက်မှာ ခြံရှေ့မှ အသံပြုလာသော ကားဟွန်းသံကို နယုန်ကြားသည်။ ခြံသော့ကိုယူပြီး နယုန်က ခြံတံခါးကို ပြေးဖွင့်ပေးလိုက်သည်။ ဦးက ကားကို ပေါ်တီကိုအောက်အထိ မောင်းသွားသည်။ နယုန်က ခြံတံခါးကို ပြန်စေ့ပိတ်ပြီးမှ ဦးအနောက်ကို ပြန်ပြေးလိုက်သွားသည်။ ဦးက အိမ်ထဲမဝင်သေးဘဲ ဆိုင်ကယ်ဘေးမှာ နယုန့်ကို ရပ်စောင့်နေသည်။
"ဦး ကျွန်တော့်ကိုဘယ်တော့ ဆိုင်ကယ်စီးသင်ပေးမှာလဲ"
"ဆေးရုံက ပြန်လာရင် ညနေဘက်တွေ သင်ပေးမယ်လေ၊ သင်ရတာ သိပ်မကြာပါဘူး၊ ကလေးလည်း စက်ဘီးနင်းတက်နေတာပဲ၊ တစ်ရက်လောက် သင်ရုံနဲ့ ဆိုင်ကယ်စီးတတ်တယ်"
"ဦး တကယ်ပြောတာနော်၊ ပျော်လိုက်တာ၊ အဲ့ဒါကြောင့် ဦးကိုချစ်တာ"
"ကလေးတို့ကျောင်းက ဝါဝင်ပြီဆိုတော့ ဒီတစ်ပတ် ပိတ်ရက်ကို အဖိတ်၊ ဥပုသ် ကျောင်းပိတ်မှာပေါ့၊ ကျောင်းမှာရော စာလိုက်နိုင်လား"
ဦးက အဲ့လိုမေးလာလို့ နယုန့်ခေါင်းထဲ မီးသီးလေး လင်းသွားသည်။ မတတ်နိုင်ပါ။ ဦးကို လိမ်ပြောရတော့မည်။
"ဟိုလေ .. ဦး၊ ကျွန်တော့်ကို ကျူရှင်ထားပေးပါလား၊ ဆရာမက ဘာတွေသင်မှန်း မသိဘူး၊ နားကို မလည်ဘူး၊ ကျောင်းမှာလေ ကျွန်တော့်ဘေးမှာထိုင်တဲ့ ထက်မြတ်က ပြောတယ်၊သူတက်တဲ့ကျူရှင်က အရမ်းကောင်းတယ်တဲ့၊ သူတက်တဲ့ကျူရှင်ကို လိုက်တက်ချင်တယ် "
ထက်မြတ်က ဘာကျူရှင်မှ မတက်ပါ။ ဒါပေမယ့် နယုန် ဒီလိုလိမ်ပြောမှ အပြင်မှာ အချိန်ပိုင်းအလုပ်တစ်ခု ရှာလုပ်လို့ အဆင်ပြေမည်။ အဖေက အရက်သမား။ နယုန့်ကို ပစ္စည်းတွေနဲ့ကောက်ပေါက်၊ ရိုက်နှက်ခဲ့တာကလွဲရင် အဖေလုပ်ပေးခဲ့တဲ့အရာက နယုန့်ကို ဦးရဲ့လက်ထဲကို ယုံယုံကြည်ကြည် ထည့်ပေးခဲ့ခြင်းသာ။ အသည်းရောဂါဖြစ်နေတဲ့ အဖေ့ကို မသေစေချင်သည်မို့ ဒေါ်လေးမေ ရှာခိုင်းသည့်ငွေ ကို နယုန်ရှာပေးမှဖြစ်မည်။
"ကလေး စာမလိုက်နိုင်ရင် ကျူရှင် ယူချင်ယူလေ၊ ကိုကိုလည်း အဲ့ဒါဆို ကလေးကို guide လုပ်ပေးရတော့မယ်၊ တော်ကြာ စာမလိုက်နိုင်လို့ဆိုပြီး ကိုကို့လက်ထဲရောက်မှ ကလေး စာမေးပွဲကျနေပါမယ်"
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်