အရုဏ်ဦးမှာ တီလေး၏ ဘုရားစာရွတ်သံ၊ကြေးစည်ထုသံက ကြားရသူအတွက် မင်္ဂလာရှိ၍ နားဝင်ချိုစေ သည်။ ရောင်ခြည် အိပ်ရာနိုးလာချိန်မှာ နယုန်လေးက ရောင်ခြည့်ခါးကို ခပ်တင်းတင်း ဖက်ထားသည်။ အဲ့ဒါဆို ကလေး သတိပြန်ရလာပြီပေါ့။ ရောင်ခြည်သည် နယုန်လေးရဲ့လက်ကို အသာရွှေ့ယူကာ ဘေးဘက်ကို ပြန်ချပေးလိုက်သည်။ နယုန်လေး မနိုးသွားရအောင် ကုတင်ပေါ်မှ အသာထကာ၊ အခန်းတံခါးကို အသံမထွက်အောင် ပြန်ပိတ်ပေးပြီးနောက် ရောင်ခြည့်အခန်းကိုပဲ ပြန်လာလိုက်သည်။
"နိုးလာပြီလား ရောင်ခြည်၊ တီလေး ဈေးသွားလိုက်ဦးမယ်၊ နေ့လယ်စာ ဘာစားချင်လဲ ပြော"
"ကျွန်တော်က အရေးမကြီးပါဘူးဗျ၊ ကလေးအတွက်ပဲ မှာတော့မယ်၊ ကလေးအတွက် မြန်မာကြက်နဲ့ ကြက်စွပ်ပြုတ်လေး စီစဉ်ပေးပါ တီလေး၊ နွားနို့စစ်စစ်လေးရော"
"ငါတို့ရောင်ခြည်လည်း ဒီညီလေးတစ်ယောက်ပဲရှိလို့ပဲနော်၊ ကိုယ့်အတွက်ထက် ညီလေးက ဦးစားပေးပဲ၊ သား ငယ်ငယ်လေးကတည်းက အဲ့ဒီအတိုင်းပဲ"
"အဲ့ဒါကတော့ ကျွန်တော်က ကလေးကိုချစ်တာကိုး
တီလေးရဲ့၊ တီလေးဆိုလည်း အမြဲတမ်း ကျွန်တော့်ကို ဦးစားပေးပဲ မဟုတ်လား ""ရောင်ခြည် ရောင်ခြည်၊ တီလေးကို ပြန်ချည်တယ်ပေါ့၊ ဒီတီလေးကလည်း ဒီတူလေးကို သားလိုရော တူလေးလိုရော ချစ်ပါသတဲ့ရှင်၊ နေ့လင်းရောင်ခြည်က တီလေးရဲ့အချစ်ဆုံးလေးပါရှင်"
"ဟား ဟား ဟား"
ဒီအိမ်လေးရဲ့ မနက်ခင်းက တူဝရီးနှစ်ယောက်ရဲ့ ရယ်သံတွေနဲ့ မင်္ဂလာရှိနေပြီ။ တီလေးက ဈေးခြင်း တောင်းဆွဲကာ အိမ်က ထွက်သွားတော့ ရောင်ခြည်လည်း ကိုယ့်အခန်းထဲကိုပဲ ပြန်ဝင်လာလိုက်သည်။ နယုန်လေးက နေမကောင်းဖြစ်နေလို့ ရောင်ခြည် ဒီနေ့အဖို့ ဆေးရုံကို မသွားတော့ပါ။ ကိုယ်က နယုန်လေးရဲ့အုပ်ထိန်းသူဆိုတော့ ကလေး နေမကောင်းဖြစ်နေချိန်မှာ ကလေးရဲ့အနားမှာ ရှိနေပေးမှဖြစ်မည်။ လူတွေက နေမကောင်းဖြစ်ချိန်ဆို အားငယ်တတ်သလို ဂရုစိုက်မှုကိုလည်း ခံယူချင်ကြတာ မဟုတ်လား။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်