နယုန် မနေ့ညက စောစောအိပ်ရာဝင်ခဲ့လို့ ဒီမနက်မှာ စောစောပြန်နိုးလာသည်။ အခန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်တော့ ဦးက နယုန့်ဟိုဘက်က လူနာစောင့်ကုတင်ပေါ်မှာ အိပ်မောကျနေသည်။ အပြင်ဘက်မှာ မိုးသည်းထန်စွာ ရွာနေသည်။ဦးကို ကြည့်လိုက်တော့ မိုးအေးတာကို စောင်မခြုံဘဲ ဒူးကိုကွေးပြီး အိပ်နေ သည်။
"မိုးတွေ သည်းနေပါလား၊ ဦး ချမ်းနေတော့မှာပဲ"
နယုန်သည် ကုတင်ပေါ်ကနေ လျှောဆင်းကာ ထော့နဲ့ထော့နဲ့နှင့် ဟိုဘက်ကုတင်ကို လျှောက်သွားလိုက်သည်။ ဦးကို စောင်ခြုံပေးရအောင် ဦးရင်ခွင်ထဲမှာ ထည့်ပိုက်ထားသောစောင်ကို အသာလေး ဆွဲထုတ်ယူလိုက်သည်။
"ဦး"
"ကိုကိုချမ်းနေလို့ ငြိမ်ငြိမ်လေးနေ"
ဦးက သူ့စောင်ကိုဆွဲထုတ်နေတဲ့ နယုန့်လက်ကလေးကို ဖမ်းဆွဲလိုက်သည်။ အလိုလိုနေရင်း နယုန်က ဦးရဲ့ရင်ခွင်ထဲ ပြိုလဲကျသွားသည်။ မိုးအေးနေတာကို စောင်မခြုံဘဲ ဦးက ညီလေးကို ဖက်ထားသည်။ နယုန် အသက်ပြင်းပြင်းမရှူရဲပါ။ နယုန့်ကျောပြင်က ဦးရဲ့ရင်ခွင်ကျယ်မှာ မြုပ်နေလို့။ ဦးက နယုန့်ခါးလေးကို ကျစ်နေအောင် ဖက်ထားသည်။
ဦးရဲ့ နှာသီးထိပ်မှ ရှူသွင်းရှူထုတ်နေသော ဝင်သက်ထွက်သက် လေပူလေနွေးငွေ့ သည် နယုန့်လည်ပင်းနားမှာ ပွတ်တိုက်နေသည်။ ဦးတော့ မသိပါ။ နယုန် ကတော့ ရင်ခုန်နေသည်။ နယုန်က ဦးရဲ့ရင်ခွင်ထဲကိုရောက်နေသင့်သလား။ အချိန်တန်ရင် ဂုဏ်ရည်တူတဲ့ မမသဇင်ကိုပဲ ယူမှာ မဟုတ်လား။ နယုန် ဒီထက်ပိုပြီး ဦးကို မငြိတွယ်သင့်ဘူး။ ဦးက ဘာမှမသိပါဘဲ အချိန်ကြာလာတာနဲ့အမျှ အချစ်ရောဂါ ကျွမ်းလာမှာ နယုန်တစ်ယောက်တည်း။ ကိုယ့်ကုတင်ဘက်ကို ပြန်ဖို့ ဦးရဲ့ ရင်ခွင်ထဲက နယုန် ရုန်းထွက်ပစ်လိုက်သည်။
"ငြိမ်ငြိမ်နေလေကွာ ကလေးရာ၊ ကိုကိုချမ်းနေတယ်"
"ဦး ချမ်းနေရင် စောင်ခြုံလေဗျာ"
"ကလေးကိုယ်လုံးလေးလောက် စောင်က မနွေးလို့ပေါ့"
နယုန့်ကိုလွှတ်မပေးဘဲ ဦးက အဲ့ဒီလိုဖက်ထားသည်။ နယုန်က ဦးကို နွေးထွေးစေသည်တဲ့လား။ ဦးလည်း နယုန့်ကို နွေးထွေးစေတယ်လို့ ခံစားခဲ့ရဖူးသည်။ နယုန် မရုန်းတော့ပါ။ အဖက်ခံပြီး မျက်လုံးမှိတ်ထားလိုက်သည်။ လောလောဆယ်မှာ ဦးရဲ့ ဝင်သက်ထွက် သက် လေနွေးငွေ့က နယုန့်လည်တိုင်ကို နွေးထွေးစေ သည်။ချစ်သူ့ရင်ခွင်မှာ ခိုဝင်ရသော ခဏ။ ဤနေရာက ကိုယ့်အပိုင်မဟုတ်ခဲ့ရင်တောင် ခဏတာ ခိုနားရသောအချိန်လေးမှာ နယုန်ပျော်ပါသည်။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်