နေ့လင်းရောင်ခြည်သည် ကိုယ့်အရှေ့မှ ထွက်သွားသည့် တက္ကစီကား အဖြူရောင်လေးကို မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေမိသည်။
"ကလေးရယ် ရက်စက်လိုက်တာ၊ ကိုကို့ကိုနည်းနည်းလေးတောင် လှည့်မကြည့်သွားဘူး၊ မင်းက ရောင်နီလေ၊ မင်းဘာလို့ ကိုကို့ကို ဒီလိုလုပ်ရက်ရတာလဲ"
လူနာမရှိတော့သည့် အခန်းထဲကို ပြန်ရောက်ချိန်မှာ ကလေးခြုံသွားသည့် စောင်လေးက ကုတင်ပေါ်မှာ အပုံလိုက်။ ကလေးရဲ့ အငွေ့အသက် ကျန်ခဲ့သည့် စောင်ကို ရောင်ခြည့်ရင်ခွင်ထဲကို ထွေးပိုက်ထားမိပြန်သည်။ အပြာရောင် ခေါင်းအုံးလေးရဲ့တစ်နေရာမှာ ရေကွက်လိုမျိုး သိသိသာသာလည်း စွတ်စိုနေ တာကို မြင်ရသည်။
"ကလေး ငိုနေခဲ့တာလား၊ ဘာလို့လဲ ကလေးရယ်၊ ကိုကို မင်းကို ဘာလုပ်မိလို့လဲ"
ကလေး အုံးသွားသည့် ခေါင်းအုံးကိုကြည့်ပြီး နယုန် ဘာလို့ ငိုသွားရတာလဲဆိုတာ ရောင်ခြည် နားမလည်နိုင်ပါ။အခန်းတစ်နေရာမှာ လွှားထားသည့် အင်္ကျီနှင့် ဘောင်းဘီကို မြင်မိတော့မှ ရောင်ခြည်သည် အတွေးတချို့ဖြစ်ပေါ်လာသည်။
"ဟာ! ဟုတ်ပြီ၊ ကလေးရဲ့ အဝတ်အစားတွေ ကျန်ခဲ့တယ်၊ အဝတ်တွေ လျှော်ပြီးရင် သွားပြန်ပေးရမယ်၊ လမ်းစရပြီ"
ရောင်ခြည်သည် အားရဝမ်းသာစွာဖြင့် ရေစိုနေသည့် နယုန့်အင်္ကျီနှင့် ဘောင်းဘီကို ကြိုးတန်းမှ ဆွဲဖြုတ်ယူလိုက်သည်။ လူနာမရှိတော့သည့် အခန်းကို ပြန်အပ်ပြီး ဆေးရုံစရိတ်တွေ ပေးချေကာ ဘွားဘွားတို့ခြံကိုပဲ ပြန်လာလိုက်သည်။ သထုံက ချမ်းမြေ့ရိပ်မြုံခြံကြီးတွင် အရင်လို ဘိုးဘိုးနှင့်ဘွားဘွားတို့ မရှိကြတော့ပါ။ ဘိုးဘိုးနှင့် ဘွားဘွားသည် လွန်ခဲ့သောနှစ်များက ရှေ့နောက်ဆင့် ကွယ်လွန်သွားခဲ့ကြသည်။ ထိုခြံကြီးထဲတွင် ရောင်ခြည်၏ ကြီးကြီးဖြစ်သော ကြီးနွယ်တို့ မိသားစု နေထိုင်ကြသည်။
တီလေးမွန်က ရောင်ခြည်နှင့်အတူ မန္တလေးမှာ လိုက်နေပေးခဲ့သည်။ မန္တလေးမှ ခြံကြီးက ဖေဖေ၊ မေမေနှင့် ညီလေးရောင်နီ၏ အငွေ့ အသက်တွေ ရှိနေခဲ့လို့ အဲ့ဒီခြံကို ရောင်ခြည် မရောင်းရက်ပါ။ ရောင်ခြည်က မန္တလေးမှာပဲ နေချင်တယ်လို့ ပူဆာခဲ့တာကို တီလေးမွန်ကလည်း ရောင်ခြည်နှင့်အတူ မန္တလေးမှာ လိုက်နေပေးခဲ့သည်။ တီလေးက အဒေါ်ဆိုပေမယ့် ရောင်ခြည့်အတွက်တော့ အမေတစ်ယောက်လိုပဲ ဖြစ်နေခဲ့သည်။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်