မန်းမြို့တော်၏ မနက်ခင်းအချိန်အခါက တဖွဲဖွဲကျလျက်ရှိနေသော ဝသာန်မိုးနှင့်အတူ အေးမြလျက်ရှိနေသည်။ထမင်းစားခန်းထဲက ကြီးမွန်၏ အော်ခေါ်သံကိုကြားလို့ နယုန် အိပ်ခန်းထဲက ထွက်လာသည်။ဟိုဘက်ခန်းကနေ ဦးကပါ ထွက်လာတာဆိုတော့ အခန်းထိပ်မှာ နှစ်ယောက်သားမျက်လုံးချင်း ဆုံဖြစ်ကြသည်။ ဦးက အိမ်နေစတိုင် တီရှပ်အဖြူနှင့် ဂျင်းပင်ပြာကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ အဲ့ဒါဆို ဒီနေ့ Duty off မှန်း နယုန်ရိပ်စားမိသည်။
မနေ့ညက ဒေါသဖြစ်နေလို့ နယုန့်အခန်းထဲကနေ ဦးကို မောင်းထုတ်ခဲ့သည်။ ဘယ်တော့မှ ဝင်မလာနဲ့လို့လည်း အော်ပြောခဲ့သည်။ ဦးရဲ့အခန်းထဲမှာလည်း နယုန် သွားမအိပ်ခဲ့ပါ။ ဦးရဲ့နွေးထွေးတဲ့ရင်ခွင်နဲ့ ဝေးတဲ့ညက နယုန့်ကို အချမ်းပိုစေခဲ့သည်။ မိုးသည်းညမှာ စောင်ကို အချမ်းပြေအောင် ခြုံထားတယ်ဆိုပေမယ့် ဦးရဲ့ရင်ခွင်ထဲ တိုးဝင်လို့ ရလာတဲ့ရင်နွေးငွေ့လောက် စောင်က မနွေးတာတော့ အမှန်ပင်။ ဦးနှင့် ထိပ်တိုက်တွေ့ကြချိန်မှာ ဦးက မျက်နှာမကောင်းပါ။ နယုန်က ဦးကို ကျောခိုင်းပြီးသာ အရှေ့က ထွက်လာခဲ့သည်။
"နယုန် ..သားကိုကိုရော မလာသေးပါလား"
"ခုနက တွေ့သေးတယ်၊ တစ်ခုခုလုပ်နေတာ ဖြစ်မှာပေါ့ ကြီးမွန် "
နယုန် ကြီးမွန်ရှိသည့်ဘက်ကို လှည့်ပြီး ပြန်ဖြေလိုက်သည်။ မလိုင်တွေ ခဲတက်လာအောင် ကျိုထားသော နွားနို့အိုးပူပူကို ကြီးမွန်က မတ်ခွက်ထဲကို ပြောင်းပြီး
ငှဲ့ထည့်နေသည်။"ကြီးမွန်.. နွားနို့တွေပါလား"
"ဟုတ်တယ် သားရဲ့၊ ဟိုမှာလေ သားကိုကိုက နယုန်လေးပိန်နေလို့တဲ့၊ အားရှိအောင် မနက်မနက်ဆို နွားနို့တိုက်ပါဆိုပြီး ကြီးမွန်ကို ညွှန်ကြားထားလို့ "
"ဟုတ်လား ကြီးမွန် "
"များများသောက်နော်နယုန်၊ သားကိုကိုက ဆရာဝန်ဆိုတော့ ကျန်းမာရေးနဲ့အညီ ညွှန်ကြားလို့ ကြီးမွန်က သားအတွက် နွားနို့ကျိုပေးတာ"
"ဟုတ်ကဲ့ ကြီးမွန်၊ ကျေးဇူးတင်ပါတယ်"
ဦးက အချစ်ကိုသာ ဝန်မခံတာ။ နယုန့်အပေါ်မှာ လိုလေ သေးမရှိ ဂရုတစိုက်ရှိတာကိုတော့ နယုန် အကြွင်းမဲ့ လက်ခံသည်။ နယုန့်အပေါ် မှာ ဦးရဲ့ဂရုတစိုက်ရှိမှုလေးတွေကြောင့် နယုန့်စိတ်ထဲ ကြည်နူးပီတိဖြစ်သွားရလို့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ထမင်းစားခန်းထဲ ဦးဝင်လာတာ မြင်လိုက်လို့ မျက်နှာကို ခပ်တည်တည် ပြန်နေလိုက်သည်။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်