နယုန်တို့ ခြံရှေ့ကို ပြန်ရောက်လာပြီ။ ဦးက ဟွန်းသံပေးလိုက်လို့ ကြီးမွန်က ခြံတံခါးလာဖွင့်ပေးသည်။ ဦးက ကားကို ဂိုထောင်ထဲ တစ်ခါတည်း မောင်းသွင်းလိုက်သည်။
"ရောက်ပြီ နယုန်၊ ကားပေါ်က ဆင်းတော့ "
"မဆင်းဘူး ဒီမှာပဲနေတော့မယ်၊ ဦးကိုလည်း မခေါ်တော့ဘူး "
ဦးက ကားပေါ်က အရင်ဆင်းသွားသည်။ ကြီးမွန်က နယုန့်ငိုသံကြားလို့ အနားကို ပြေးလာသည်။ နယုန်က အငိုမရပ်သေးဘဲ အာကြီးပြဲနေတုန်း။
"ဒီညီအစ်ကိုတွေ ဘာဖြစ်လာကြပြန်တာလဲ "
"ဟိုမှာလေ ချာတိတ်ဆိုးနေလို့ ဆုံးမပေးရမယ်၊ ကားထဲမှာ အကြော်နဲ့ ဆိတ်သားထောင်းတွေ ပါလာတယ်၊ တီလေး ယူစားလိုက်"
ဦးတို့ ပြောနေတာတွေ နယုန်ကြားသည်။ နယုန် အငိုမပျက်ပါ။ ဦးက မချော့တာမို့ မလျှော့သော ဇွဲလုံ့လဖြင့် ဆက်ပြီး ငိုနေလိုက်သည်။
"လာ .. နယုန်၊ အောက်ဆင်း "
"မဆင်းဘူး မဆင်းဘူး၊ ဦးကိုမုန်းတယ် ဦးကိုမခေါ်ဘူး အီးဟီး"
"မဆင်းလို့ရမလား၊ အိမ်ပြန်ရောက်နေပြီ၊ ဘယ်လိုချာတိတ်ဆိုးလေးလဲ"
ဦးက နယုန်ထိုင်နေသည့်ဘက်က ကားတံခါးကို လာဖွင့်ပေးသည်။ သိုင်းပတ်ပေးထားတဲ့ ကားခါးပတ်ကြိုးကို ဆွဲဖြုတ်ပြီး နယုန့်ကို ကားပေါ်က ချီချသည်။ နယုန် ပေကပ်စွာဖြင့် ကားအောက်ရောက်တာနဲ့ မတ်မတ်မရပ်ဘဲ မြေကြီးပေါ် ဖင်ထိုင်ချပစ်လိုက်သည်။
"ဦးကို မခေါ်ဘူး၊ ဒီမှာပဲ နေတော့မယ် "
"နယုန်.. ကိုကို့ကို မဟုတ်တာတွေ ဂျီမကျနဲ့၊ ကိုကို ရိုက်မှာနော် "
"အီးဟီး.. ဦးကျတော့ သောက်ပြီးတော့ ကျွန်တော့်ကျ မသထာဘူး၊ ဦးကို မုန်းတယ်"
ဘုန်း ဘုန်း ဘုန်း !!!
"အဲ့ဒါ မုန်းဦး၊ အဲ့ဒါ မဟုတ်တာ ဂျီကျဦး၊ အဲ့ဒါ စကားနားမထောင်ဦး"
"အား.. !! အီးဟီး .. ဦးကို မုန်းတယ် "
နယုန့်တင်ပါးကို လက်ဖဝါးနဲ့ သုံးချက်တိတိ ဦးက ရိုက်ပစ်လိုက်သည်။ နယုန် အီစလန်ဝေသွားလို့ တင်ပါးကို လက်နဲ့ပွတ်ပြီး ပိုအော်ငိုလိုက်သည်။ ကြီးမွန်က ဦးနဲ့ နယုန့်ကို ပါးစပ်အဟောင်းသား ကြည့်နေသည်။ နယုန် မရှက်ပါ။ ဦးက ချစ်တယ်ဆိုပြီး လူကို ချော့မှ မချော့သေးတာ။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်