8[U]

23.8K 2.1K 37
                                    

ဦးသည် ကားတံခါးကို ဆောင့်ပိတ်ပစ်ပြီး အိမ်ထဲဝင်သွားသည်။ ကားတံခါးပိတ်သံက ကျယ်သွားတာမို့ နယုန်တင်မက ခြံထဲမှာ အပင်ရေလောင်းနေတဲ့ ကြီးမွန်ပင် လန့်သွားလို့ ကားဂိုထောင်ကို လှမ်းကြည့်လာသည်။ ဦးက အိမ်ထဲဝင်သွားပြီမို့ နယုန်လည်း ကားအနောက်ခန်းမှ အဝတ်အိတ်ကို ဆွဲယူကာ အိမ်ထဲ လိုက်ဝင်သွားသည်။

"နယုန်..ကိုကို့အခန်းကို ဝင်လာခဲ့"

နယုန် အိမ်ထဲရောက်တာနဲ့ ဦးက အသံမာမာနဲ့တစ်ချက်လွှတ် အမိန့်ပေးလာပြီးတော့ သူ့အခန်းထဲကို ဒေါနဲ့မောနဲ့ ဝင်သွားသည်။ နယုန်လည်း ကိုယ့်အခန်းထဲကိုပဲ ပြန်ဝင်လာလိုက်သည်။ ဦးဝယ်လာပေးတဲ့ အတွင်းခံဘောင်းဘီတွေကို ဗီရိုထဲကို ထည့်သိမ်းနေလိုက်သည်။ ဦးဆီကို နယုန်မသွားပါ။ ဦးကျတော့ နယုန့်ကို စိတ်လာတိုနေသည်။ နယုန်ကရော ဦးကို စိတ်တိုလို့ မရဘူးလား။ နယုန့်ကို ကျောင်းလာမကြိုဘဲ ရည်းစားနဲ့ ချိန်းတွေ့ နေတယ်လေ။

ဦးရဲ့အခန်းကို နယုန်မသွားပါ။ ကျောင်းဝတ်စုံကို ချွတ်လဲပြီးတော့ ရေချိုးခန်းကို ဝင်သွားလိုက်သည်။ ဒီအိမ်မှာ ရေချိုးရတာက ဇိမ်အရမ်းရှိသည်။ သထုံ အိမ်မှာလို တွင်းရေကို ပင်ပင်ပန်းပန်း ကြိုးနဲ့ ဆွဲတင်နေစရာလည်း မလိုပါ။ ဒီမှာက ရေပန်းက ကျတဲ့ရေကို စိမ်ပြေနပြေ ချိုးနေလို့ ရသည်။

"နယုန်! ကိုကိုခေါ်နေတာကို မလာတာ ကိုကို့စကား နားမထောင်တာလား"

နယုန် ရေချိုးခန်းမှ ပြန်ထွက်လာတာကို မြင်တာနဲ့ ဦးကလည်း အသံခပ်ဆတ်ဆတ်နဲ့ နယုန့်ကို ပြောဆိုလာသည်။ ဦးက ဘယ်အချိန်ကတည်းက နယုန့်အခန်းကို ရောက်နေတာလဲ။ ဦးကို နယုန် ဘာစကားမှပြန်မပြောပါ။ အင်္ကျီပြန်ဝတ်ရအောင်သာ ဗီရိုကို ဖွင့်လိုက်သည်။

"ဟာ! ဦး"

ဦးက နယုန့် ခန္ဓာကိုယ်လေးကို ဗီရိုတံခါးပေါ်မှာ တွန်းကပ်ပစ်လိုက်သည်။ နယုန် ရှောင်ထွက်လို့ မရအောင် နယုန့်ပခုံးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လာသည်။ နယုန် ထင်သည့်အတိုင်းပင် ဦးက ပြဿနာရှာပြီ။

"အဲ့ကောင် ဘယ်သူလဲ၊ ခြံရှေ့အထိ လိုက်လာတာ၊ ကိုကိုမေးနေတယ်၊ အဲ့ကောင် ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာလို့ အနောက်က လိုက်လာတာလဲ၊ ကျောင်း ကို တစ်ရက်လေးပဲ တက်ရသေးတယ် နယုန်၊ မေးနေတာပြန်ပြော၊ ကိုကိုစိတ်တိုအောင် ထပ်မလုပ်နဲ့"

မိုးနတ်သား၏ ကြယ်နှင်တံ [Completed]حيث تعيش القصص. اكتشف الآن