မနက်ခင်းသည် တီလေးမွန်၏ ဘုရားစာရွတ်ဖတ်သံ၊ ကြေးစည်ထုသံနဲ့ နိဒါန်းချီလို့ မင်္ဂလာရှိနေသည်။ရောင်ခြည် အိပ်ရာနိုးရင် ကလေးကို အနမ်းပေးပြီး နှိုးဖြစ်သည်။ မနက်စာစားပြီးကြရင် ကလေးလည်း ကျောင်းကို ဆိုင်ကယ်နဲ့သွား၊ ရောင်ခြည်လည်းဆေးရုံကို သွားရသည်။ ဒါတွေက နေ့စဉ်ဖြတ်သန်းနေကြတဲ့ daily life။
"ရောင်ခြည်၊ တီလေး မနက်ဖြန်ကစပြီး စစ်ကိုင်းတောင်မှာ တရားစခန်း ၁၀ ရက် သွားဝင်မှာနော်၊ ရေခဲသေတ္တာထဲမှာ ၁၀ ရက်စာ ဝယ်ခြမ်းပြီး ထည့်ပေးထားတယ် "
"စိတ်ချပါ တီလေးရယ်၊ ကလေးကို ကျွန်တော်ပဲ ချက်ပြုတ်ကျွေးလိုက်ပါမယ် "
"အင်း .. သားလက်ရာကို သားညီလေးတော့ စားရချည်သေးရဲ့၊ အလုပ်မအားရင် အပင်ပန်းခံပြီး ချက်မနေနဲ့၊ တစ်ခါတလေ အပြင်ကသာ ဝယ်စားလိုက် "
"ဟုတ်ကဲ့ပါ တီလေး၊ ကျွန်တော်တို့ နှစ်ယောက်ကို စိတ်ချပါ၊ စိတ်ဖြောင့်ဖြောင့်နဲ့ တရားစခန်း သွားပါဗျာ"
"အေးပါ ဟုတ်ပါပြီ၊ သွားကြတော့ သွားကြတော့၊
နောက်ကျနေကြဦးမယ်"တီလေးအရှေ့ကနေ ရောင်ခြည်နှင့်နယုန် ခေါင်းလေးငုံ့ပြီး ထွက်လာကြသည်။ ရောင်ခြည် ကားစက်နှိုးရင်းနဲ့ ဆိုင်ကယ်ပေါ်က နယုန်လေးကို လှမ်းကြည့်လိုက်သည်။
"နယုန် ခဏနေဦး၊ ကိုကိုအမြဲပြောတယ်လေ မမှတ် ထားဘူးလား၊ ဘယ်လိုကလေးလဲ"
နယုန် ခြံဝကိုတောင် မရောက်သေးပါ။ ဦးက လှမ်းခေါ်လို့ ဆိုင်ကယ်ကိုထိုးရပ်လိုက်သည်။ ဦးကလည်း ကားကိုထိုးရပ်ပြီး နယုန့်ဘေးကိုရောက်လာသည်။
"ဘယ်လို ကလေးလေးလဲ၊ စကားနားမထောင်ရင်
ရိုက်မှာနော် "ဦးက စောစောစီးစီး နယုန့်ကိုဆူလို့ နယုန် ဇက်ကလေး ပုသွားသည်။
"ဒီမှာ ဒီဦးထုပ်ကို ဆိုင်ကယ်စီးရင် အမြဲဆောင်းပါလို့ မပြောဘူးလား၊ ကလေးကို ဦးထုပ်ဆောင်းခိုင်းတယ်ဆိုတာ ရဲဖမ်းမှာ စိုးလို့ မဟုတ်ဘူး၊ အန္တရာယ်ကို ကြို တင်ကာကွယ်ခိုင်းတာ၊ တတော်တဆ တစ်ခုခုဖြစ်ခဲ့ရင် ဦးထုပ်ဆောင်းထားတော့ ခေါင်းကို မထိခိုက်တော့ဘူးပေါ့ ကလေးရဲ့"
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်