မိုးထက်တို့ ခြံရှေ့ကို ည ၇ နာရီမှာ ဆိုင်ကယ်တစ်စီး ထိုးရပ်လာသည်။ ကောင်လေးတစ်ယောက်ကျောပိုးအိတ်လွယ်ပြီး ဆိုင်ကယ်ပေါ်က ဆင်းလာသည်။
"Bye ဇေယျ .. See you ၊ ဒီနေ့ အရမ်းပျော်တယ်"
"ငါတို့ သူငယ်ချင်းဖြစ်သွားပြီနော် ထူး၊ နောက်ညတွေလည်း Night Out ထွက်ကြမယ်"
"အိုကေ"
ထူးက လက်ဖဝါးတစ်ဖက်ထောင်ကာ ကျောင်းမှာ ခင်ခဲ့သည့် မန္တလေးသားကြီးဖြစ်သော သူငယ်ချင်းဇေယျကို တာ့တာပြလိုက်သည်။ ဇေယျလည်း ထူးကို တာ့တာပြကာ ဆိုင်ကယ်ကို ခြံရှေ့က မောင်းထွက်သွားသည်။ ဇေယျ ထွက်သွားမှ ထူး ခြံတံခါးကို တွန်းဖွင့်ဝင်လိုက်သည်။
"ထူး .. အဲ့ဒါ ဘယ်ကပြန်လာတာလဲ၊ ကျောင်း ဘယ်အချိန်လွှတ်လဲ၊ အခု ဘယ်အချိန်ရှိနေပြီလဲ၊ လိုက်ပို့တဲ့ကောင်က ဘယ်သူလဲ "
ထူး ခြံထဲဝင်လာတာနဲ့ တစ်နေရာက ထွက်ပေါ်လာသော WH question များစွာ။ ထူး ဂရုမစိုက်ဘဲ အိမ်အပေါ် ထပ်ကို ပြေးတက်သွားလိုက်သည်။ ကိုယ့်အခန်းထဲကို ရောက်တာနဲ့ ကျောပိုးအိတ်ကို စာကြည့်စားပွဲပေါ် ပစ်တင်လိုက်သည်။ရေချိုးခန်းဝင်တော့မှာမို့ ဝတ်ထားသော ရှပ်အင်္ကျီကို ဆွဲချွတ်ပြီး လျှော်မယ့်အဝတ်ခြင်းထဲကို ပစ်ထည့်လိုက်သည်။
"ထူး ... မကြားချင်ယောင် ဆောင်တာလား ၊ မကြားတာလား ပြော"
ထူးရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသော လက်တစ်ဖက်ကို ဆောင့်ရုန်းပစ်လိုက်သည်။
"ထူး .. ငါ မေးနေတယ်၊ ငါ့ကို ဒေါသထွက်အောင်
လာမလုပ်နဲ့ "ထူး မဲ့ပြုံးလေးပြုံးပြီး ကိုကို့ကို ခေါင်းမော့ကြည့်လိုက်သည်။ ကိုကို့ရဲ့ စူးစမ်းသလို မျက်လုံးတွေက ထူးရဲ့တစ်ကိုယ်လုံးပေါ် စုန်ချည်ဆန်ချည် ကျရောက်သည်။
"ပြော .. အခုဘယ်က ပြန်လာတာလဲ "
"ကိုကိုနဲ့ ဆိုင်သလား "
"ဟ! ငါနဲ့မဆိုင်ဘဲ ရှိမလား၊ မင်းက ငါ့အိမ်မှာ နေနေတာလေ"
ထူး မဲ့ပြုံးလေး ပြုံးကာ ကိုကို့မျက်လုံးတွေကို စူးစိုက်ကြည့်ပေးလိုက်သည်။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်