ကလောင် ကလောင် .. ကလောင် ကလောင် !!!
နေ့လယ်ကျောင်းဆင်း ခေါင်းလောင်းထိုးသံကို ကြားတာနဲ့ ကျောင်းသားများသည် ဆရာမကို နှုတ်ဆက်ပြီးနောက် အတန်းထဲမှ ထွက်ကြသည်။ နေ့လယ်စာအတွက် ထမင်းချိုင့်ထုပ်လာပြီး ကျောင်းမှာပဲ စားကြသည့် ကျောင်းသားများလည်း ရှိသည်။ စက်ဘီးစီးပြီး နေ့လယ်စာကို အိမ်ပြန်စားသူများလည်း ရှိကြသည်။ နယုန်က အိမ်မှာပဲ နေ့လယ်စာ ပြန်စားမှာမို့ စက်ဘီးရပ်ထားတဲ့ နေရာကို ထွက်လာသည်။
"ရောက်နေပြီလား ပဲလုံး၊ မင်း ပြေးလာတာလား"
"သား မနက်က ကျောင်းနောက်ကျတာလေ၊ သားကို ဆရာမက မဆူဘူး သိလား"
"ဆရာမက ဘယ်ဆူမလဲ၊ ကျောင်းနောက်ကျတာ ကျောင်းပျက်တာမှ မဟုတ်တာ၊ တက် .. စက်ဘီးပေါ်၊ ပြီးရင် သေချာကိုင်ထားဦး"
"ဟုတ်"
မနက်က နယုန် စက်ဘီးရပ်ထားခဲ့တဲ့နေရာမှာ ပဲလုံးက အဆင့်သင့်ရပ်စောင့်နေတာမို့ ပဲလုံးကို ကယ်ရီယာခုံပေါ် ခွထိုင်ခိုင်းပြီးတာနဲ့ နယုန်လည်း စက်ဘီးကို ခပ်သွက်သွက် အိမ်ကို နင်းသွားလိုက်သည်။
ခွမ်း !!!
"သောက်အလုပ် လုပ်နေတယ်ဆိုပြီး ငါ့ကို မလေးမစား လာမလုပ်နဲ့ မသာမ၊ ငါက ဒီအိမ်ရဲ့အိမ်ဦးနတ်၊ ငါ အရင်ရှာကျွေးနေတုန်းက တပြုံးပြုံးနဲ့၊ ခုမှသောက်ပြဿနာ လာမရှာနဲ့၊ ငါ ဘာသောက်လုပ်မှ မဖြစ်တော့တာ စနေဂြိုဟ်မွှေကောင် အိမ်မှာ ရှိနေလို့"
"အဲ့ဂြိုဟ်မွှေကောင်ကမှ အလုပ်လုပ်သေးတယ်၊ ရှင်က ဘာသောက်ဆံ ရှာနေလို့ အရက်ဖိုးပါ လက်ဖြန့်တောင်းနေရတာလဲ"
"တော်စမ်း မသာမ၊ မင်းပါးစပ်ကို ပိတ်ထားလိုက်"
ခွမ်း !!!
အဖေနှင့် ဒေါ်လေးမေတို့ ရန်ဖြစ်နေကြပြန်ပြီ။ နယုန် စိတ်ညစ်သည်။ အဖေ အရက်မူးနေပြီထင်သည်။ ဒီအခြေအနေအတိုင်းဆို နယုန့်ကိုမြင်လျှင် နယုန်ကပါ ကြားထပ်ပြီး အရိုက်ခံရနိုင်သည်။ ကြားရတဲ့စကားတွေကလည်း နယုန့်ကို အနှောင့်အသွားက မလွတ်ဘူး။ တစ်ခါတစ်ခါ နယုန်စဥ်းစားမိသည်။ အဖေက သူ့အသုံးမကျမှုတွေကို စနေသားဖြစ်တဲ့ နယုန့်အပေါ်များ ပုံချနေတာလားလို့။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်