အပိုင်း ( ၂၃ )

854 79 26
                                    

[ Zawgyi ]
----------------

လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်စရာကောင်းတဲ့ငယ်ဘဝကိုပြန်လိုချင်လားဆိုရင်တော့ သွင်သစ်ပြန်လိုချင်တယ်လို့ဖြေပါမည် ။ သို့သော် စာပြန်မသင်ချင်တာကတော့ ခြွင်းချက် ပေါ့ ။ ငယ်ဘဝကပျော်စရာကောင်းတယ် … ပူပန်မှုမရှိဘူး ၊ စိုးရိမ်စရာလည်းမရှိသလို တွေးပူနေရတာမျိုးတွေလည်းရှိမနေဘူး ။ အဓိကအကျဆုံးအချက်ကတော့ ထိုငယ်ဘဝလေးကသာ ခင်မင်ရဆုံးသူငယ်ချင်းများနဲ့အချိန်တွေအကြာကြီး အတူတူကုန်ဆုံးရခြင်းပင် ။

ယခုတော့အခြေအနေတွေဟာ အတော်အသင့်ပြောင်းလဲခဲ့ပြီ ။ ပယင်းဟာလည်း ဆေးကျောင်းသူတစ်ယောက်အနေနဲ့ပိုပြီးကြည့်ကောင်းလာတယ် ။ အခွေလိမ်လေးဖြစ်နေတဲ့ဆံပင်အလိပ်လိပ်တွေကို နီညိုရောင်ဖျော့ဖျော့ဆိုးထားတဲ့ပယင်းရဲ့ဆံနွယ်တွေဟာ ပယင်းကိုပိုပြီးဘိုဆန်သွားစေခဲ့တယ် ။ အဖြူအစိမ်းဝတ်နဲ့ပဲအများဆုံးတွေ့ရတတ်တဲ့သူငယ်ချင်းမက ယခုတော့ အဒေါ်ဒီဇိုင်နာကိုပိုင်ဆိုင်ထားသူမို့ အရောင်စုံဒီဇိုင်စုံ ဝမ်းဆက်လှလှလေးများလည်းဝတ်တတ်လာပြီ ။ အသက်မပြည့်သေးတဲ့ဆယ်ကျော်သက်မလေးတစ်ယောက်အဖြစ်နဲ့ ဖူးသစ်စပန်းပွင့်လေးအလား ပယင်းဟာ ယောကျာ်းပျိုများရဲ့စိတ်ဝင်စားခြင်းကိုလည်းအများဆုံးရရှိသူတစ်ဦးဖြစ်နေပါတော့တယ် ။

ပိုင်စေကတော့ပုံမှန်တိုင်းပဲရှိနေဆဲ ။ သူများကကျောတာမျိုးလည်းမခံတတ်သလို စိတ်ဆက်လွယ်သူတစ်ဦးအဖြစ် နဲ့မပြောင်းလဲခဲ့ပါ ။ သို့သော် သူတို့သူငယ်ချင်းတွေအပေါ် ပိုင်စေဟာပိုပြီးခင်ခင်မင်မင်ရှိလာသလို အနည်းငယ်အေး ဆေးလာတယ်လို့လည်း သွင်သစ်မြင်တယ် ။ ဂျစ်တစ်တစ်ပုံစံကပဲပိုင်စေ့ရဲ့ဆွဲဆောင်မှုတစ်ခုလားတော့မသိ … ဒါကိုပဲ ကောင်မလေးအများစုကသဘောအကျကြီးကိုကျနေလည်း ကိုယ်တော်ဟာတော့ ထိုသူများကိုရှိတယ်လို့တောင်မထင် ။ မိန်းကလေးတွေအတွက်တော့စိတ်မကောင်းစရာဆိုပေမဲ့ ရူပ်ရူပ်ယှက်ယှက်နေတာမျိုးကပိုင်စေ့ရဲ့style မဟုတ်တာကို သွင်သစ်သိနေပြန်တော့ ဘာမှဝင်ရောက်ပြီးစွက်ဖက်နေစရာလည်းမလိုပါ ။

ဦးး ။
ဦးကတော့အနည်းငယ်ပြောင်းလဲသွားခဲ့တယ် ။
ရေကြောင်းတက္ကသိုလ်ထိသွားတက်ရတာမို့ ဦးစောနဲ့အန်တီနှင်းက ကားတစ်စီးကိုလက်ဆောင်အဖြစ်နဲ့ဝယ်ပေးလေတော့ ဦးအတွက်ပိုပြီးသွားရလာရတာအဆင်ပြေသွားတယ် ။ သို့သော် ထိုအရာကပဲဦးကိုပိုပြီးပြောင်းလဲသွားစေလားတော့ မပြောတတ်ပါ ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now