Chapter : 1

35.7K 1.9K 94
                                    

တောင်စု မြို့ကြီး တစ်ခုလုံးသည် ညို့မှိုင်းမှိုင်း တိမ်တိုက်များကြား အေးစိမ့်မှုအပြည့်နှင့် အထီးကျန်လျက်ရှိလေသည်။

မိုးကလည်း သည်းတစ်လှည့် ဖွဲတစ်လှည့် အဆက်မပြတ်ရွာနေသည်မှာ တစ်ပတ်ကျော်လျက်ရှိနေပြီ။
ဘေးပတ်လည်တွင် တောင်တန်းကြီးတစ်ခု ကာရံထားပြီး ချိုင့်ဝှမ်းသဖွယ် တည်ရှိနေတဲ့ တောင်စုမြို့ကတော့ မိုးရာသီ စဝင်တာ တစ်လတောင်မပြည့်သေးပေမယ့် အရင်လကတည်းကရင်း မိုးကစရွာနေခဲ့သည်။

အေးသည်မှာလည်းပြောမနေနဲ့တော့။

မိုးထဲလေထဲ ဘတ်စ်ကားမှတ်တိုင်တွင် နိုအယ်တစ်ယောက်တည်း ကားအလာစောင့်နေခဲ့သည်။

အနွေးထည်ဝတ်ထားသော်လည်း တစ်ချက် တစ်ချက် တိုက်ခတ်လာတဲ့ လေအေးများက လည်ပင်းကြားထဲ တိုးဝှေ့လာသည့်အခိုက် သူ့ကိုယ်လေး တုန်သွားရပြန်သည်။

"အေးလိုက်တာ... "

သူ နှုတ်မှ ဘာရယ်မဟုတ် အအေးဓာတ်မှ အာရုံလွှဲလိုလွှဲငြား ရေရွတ်လိုက်ရင်း မိုးရေတွေ တဖွဲဖွဲကျနေတဲ့ ကွန်ကရစ်လမ်းမကြီးကိုသာ ငေးကြည့်နေခဲ့မိသည်။

ဒီနေ့မနက် သူ အိပ်ရာထ နောက်ကျတာကြောင့် ကျောင်းသို့ မနက်ပိုင်းမသွားလိုက်ရ။
နေ့လည်ပိုင်းတက်မည်ဆိုပြီး အားခဲထားပါမှ ထွက်လာခါနီး တစ်မနက်လုံး ဖွဲနေခဲ့သော မိုးသည် သည်းသည်းထန်ထန်ကို ရွာချခဲ့လေသည်။

တစ်ဘဝလုံး ကံ ဟုတ်တိပတ်တိ မကောင်းဖူးသူမို့ သူ့အတွက်တော့ ဒီလို ကံဆိုးသည့် အဖြစ်အပျက်လေးတွေကို ခေါင်းထဲ ဟုတ်တိပတ်တိပင် မထာဒမိတတ်တော့ချေ။ နောက်ဆုံးတော့ သူ့မှာ Roll call မပြည့်မှာ စိုးတာနှင့် မိုးသည်းထဲမှာပဲ ထီးတစ်လက်ဆောင်းက ပြေးထွက်လာခဲ့ရတော့သည်။

အခု ကားမှတ်တိုင်ရောက်တော့လည်း ကားက နောက်ကျနေသည်။
ကြည့်ရတာ မိုးအရမ်းသည်းလို့ ဖြစ်မည်။

နိုအယ် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့ ၁၂ ခွဲ။

အတန်းမတက်ခင် နာရီဝက်တော့ အချိန်ရသေးသည်ပဲ။

"ကျွီ... "

ထိုစဉ် ကားတစ်စီးက သူ့ရှေ့တွင် ထိုးရပ်လာခဲ့လေသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now