Chapter : 37

6.9K 748 22
                                    

2003 ခုနှစ် မိုးရာသီ

ညည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်တွေအကြား ကားအမည်းရောင် တစ်စင်းက ခပ်ဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်လာနေသည်။ မိုးရေစက်တွေ မြေပြင်ပေါ်သို့ ရိုက်ခတ်လာရာမှ ထွက်ပေါ်လာသော ဆူညံသံတွေကြား မကြာမကြာဆိုသလို ကားရဲ့ စက်သံက ပတ်ဝန်းကျင်အတွင်း ထိုးခွင်းကာ ဆူညံနေသည်။ ထိုကားသည် တောင်ကွေ့တွေ များပြားလွန်းသည့် အဝေးပြေးလမ်းမပေါ်တွင် သတိကြီးစွာဖြင့် သူရောက်လိုရာ ပန်းတိုင်သို့ တစ်လှိမ့်ချင်းလှိမ့်နေလေသည်။

အဲလက်စ် နားကြပ်တပ်ကာ ဘာမှ မမြင်ရသည့် အပြင်လောကကို မိုးရေတွေ စီးကျနေသော ကားပြတင်းပေါက်မှန်မှ တစ်ဆင့် ကြည့်နေမိပါသည်။

ဘာကြောင့်မှန်းမသိ သူ့စိတ်တွေ လေးနေသည်။ တွေ့သည်မှာ တစ်ပတ်တောင် မကြာသေးတဲ့ လူကြီးတစ်ယောက်ကို မနက် ကားပေါ်တက်ခါနီးမှ အဖေမှန်းသိခဲ့ရတဲ့ သူ့အဖြစ်က ရယ်ချင်စရာ။ အခု သွားနေသည်က သူ့အဖေရဲ့ အိမ်တဲ့။

သူ သွားချင်လား မသွားချင်ဘူးလားဆိုတာ ဘယ်သူမှ မမေးခဲ့ကြ။

ထားပါလေ။ အရေးမကြီးပါဘူး ဘယ်သွားသွား။

ရုတ်ရက် ဘေးတွင် ထိုင်နေသော အမေက သူ့ရဲ့လက်ကို လာဆုပ်ကိုင်တာမို့ အဲလက်စ် အမေ့ဘက်လှည့်ကာ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးပြလိုက်သည်။ ထိုအပြုံးအောက်တွင်မူ ထုံကျဉ်ခြင်းသာရှိသည်။ အဲလက်စ် ဘာစိတ်ခံစားမှုမှ မခံစားရတာ ကြာလှပြီ။ ဘယ်အချိန် စခဲ့လဲမသိပေမယ့် သူ စပြီး သတိထားမိလာတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ပင်။

အဲ့နေ့က နွေရာသီကျောင်းပိတ်ရက်ဆိုတော့ ထုံးစံအတိုင်းကလေးတွေက အဲလက်စ်တို့ အိမ်နားက ရေကန်ဟောင်းကြီးနားတွင် ဆော့ကစားနေကြသည်။ ထိုရေကန်ကြီးက ဘယ်သူမှ မသုံးပဲ ပစ်ထားတာ တော်တော်ကြာနေပြီ ဖြစ်တဲ့အပြင် အပေါက်လည်းရှိတော့ ကန်ထဲမှာလည်း ဘာရေမှ ရှိမနေ။
ထိုကန်ကြီးရဲ့ ရှေ့တွင်မူ မြက်ခင်းပြင် ကျယ်ကြီးရှိသည်။ ထိုမြက်ခင်းပြင် ကျယ်ကြီးတွင် ကျောင်းပိတ်ရက်တိုင်း ရပ်ကွက်ထဲက ကလေးတွေ လာပြီးဆော့ကစားနေကြ။ တစ်ခါတစ်လေ လာဆော့တဲ့ ကလေးတွေက အဲလက်စ်ရဲ့ အတန်းဖော်တွေ တစ်ခါတစ်လေကျ သူမသိတဲ့ ကလေးတွေလည်း လာတတ်သည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now