Chapter : 30

7K 814 24
                                    

"နိုအယ် ကျောင်းမလာဘူးလား"

"အင်း.. မနက်ကလည်း ကျွန်တော် ဖုန်းဆက်သေးတယ်။ မကိုင်ဘူး"

သီအို ဟန်လင်းကို ခေါင်းညိတ်ပြကာ ပြန်ထွက်လာခဲ့သည်။ မနက်ဖြန် သူ့အမေ ဆုံးတာ ၁၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည့်အတွက် သူ အိမ်တစ်ခေါက် ပြန်ရဦးမည်မို့ သူမသွားခင်လေး နိုအယ့်ကို တွေ့ဖို့ သူ့အခန်းကို ရောက်လာခဲ့ပေမဲ့ နိုအယ်က ဒီနေ့ ကျောင်းမလာပေ။

ဒီနေ့ တနင်္လာ ဆိုတော့ Tuto တွေ စဖြေတော့မှာပဲ။
ဘာလို့မလာတာပါလိမ့်။

××××××××××××××××××××××××××××××××××××××

ဓူဝံ သူ့ရှေ့ရှိ တံခါးကို ငူငိုင်စွာ ရပ်ကြည့်နေမိပါသည်။

သူ မနေ့ညက ဖြစ်ပျက်သွားသမျှ ကိစ္စတွေ အားလုံးအတွက် နိုအယ့်ကို တောင်းပန်ချင်သည်။ ပုံမှန်ဆို သူ ဘာတောင်းပန်စကားမှ မဆိုတော့ပဲ အစိမ်းသက်သက် နေလိုက်လေ့ရှိသော်လည်း၊ သူ ထိုသို့ နေလိုက်မည်ဟု ဆုံးဖြတ်ထားခဲ့သော်လည်း ဘာကြောင့်မှန်းမသိ၊ သူ နိုအယ့်ကို သူ့ဘဝထဲက လက်မလွှတ်ပေးနိုင်ခဲ့ပါ။ နိုအယ် သူ့ကိုမုန်းတီးပြီး အရင်လို သူ့ဘေးနား ရောက်မလာတော့မှာ သူ သိပ်ကိုစိုးရိမ်နေမိခဲ့သည်။

တကယ်တော့ ဟိုတစ်နေ့က သီအိုဆိုတဲ့ သူရဲ့ မျက်လုံးတွေကို တွေ့ပြီးကတည်းက သူ နောက်ပိုင်း လုံးဝ နေလို့မကောင်းခဲ့။ သူ သွားလေရာ နေရာတိုင်း သွေးစက်လက်နဲ့ သူ့ မိသားစုဝင်တွေကို မြင်ရသည်။ အဖေ့ဆီ ဝင်ပူးပြီး ညီမလေး လည်ကို အပြုံးတစ်ခုဖြင့် အေးဆေးစွာ လှီးပြီး သတ်ခဲ့သည့် ထိုလူရဲ့ အပြုံးများကို သူ့ မျက်လုံးထဲ စွဲနေကာ ဖြစ်ပျက်ခဲ့သမျှ သူ့ခေါင်းထဲက မထုတ်နိုင်ခဲ့။

ဒါကြောင့် ညကြီးသန်းခေါင် သူ့တိုက်ခန်းထဲ ရောက်နေသည့် နိုအယ်ကို မြင်တော့ သူ စိတ်ရူးပေါက်သွားတာ ဖြစ်ပါလိမ့်မည်။

ဓူဝံ အသက်ကို ခပ်ဝဝ ရှူသွင်းလိုက်ရင်း တံခါး ဘဲလ်ကို တီးလိုက်ပါသည်။ တစ်ခဏကြာတော့ တံခါးလေး နည်းနည်းဟသွားပြီး နိုအယ်က ခေါင်းလေးပြူကာ ထွက်လာခဲ့လေသည်။ နိုအယ့်ကို ကြည့်ရတာ အခြေအနေမကောင်းပါ။ မျက်လုံးများမှ နီရဲအစ်မို့နေပြီး မျက်လုံးအောက် မျက်တွင်းတွေ ညိုနေသည်က မနေ့တစ်ညလုံး မအိပ်ပဲ ကြောက်လန့်ပြီး ငိုယိုနေခဲ့ပုံရသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now