နိုအယ် သူရိန်လေး အိမ်ကိုပြန်တဲ့ လမ်းတစ်လျှောက်ကို ကိုယ်တိုင် လိုက်သွားကြည့်ရင်း ဘေးဘီဝဲယာကို သတိထား စူးစမ်းကြည့်တော့ လူတော်တော်ပြတ်တာကို တွေ့ရသည်။ အိမ်နောက်ဖေး လမ်းကြိုလမ်းကြား ကနေ အိမ်ပြန်ခြင်းဖြစ်သောကြောင့် လမ်းအကွေ့အကောက်လည်းများပါသည်။
လမ်းမကြီးဘက်ကျတော့ လမ်းရှုပ်လို့ထင်၊ သူ့အမေက ဒီလမ်းကြားတွေကနေ အိမ်ပြန်တတ်အောင်သင်ထားပေးခြင်း ဖြစ်ပါလိမ့်မည်။ သို့ပေမယ့် ကားလမ်းကထက် ဒီလို လမ်းမျိုးက ပိုလုံခြုံတယ်လို့ ဘယ်လိုအကြောင်းကြောင့်များတွေးကြလဲ နိုအယ် နားမလည်။ ဤလောက် လူပြတ်တဲ့ လမ်းကြားထဲ နေ့ခင်းကြောင်တောင် ကိုယ့်ကို တစ်ယောက်ယောက်က ဓားနဲ့ထိုးသွားရင်တောင် ဘယ်သူမှ သိလိုက်မှာမဟုတ်ပေ။
နိုအယ် လမ်းဘေးက အုတ်ခုံပေါ်ထိုင်ရင်း နဖူးမှ စီးကျနေသော ချွေးများကို လက်ဖမိုးနှင့်သုတ်လိုက်ပါသည်။ ထို့နောက် မျက်မှန်ကိုချွတ်ကာ တစ်ရှူးနဲ့ သန့်ရှင်းအောင် သေချာလေး ပြန်သုတ်လိုက်သည်။
စိတ်လျှော့.. စိတ်လျှော့!!
ဒီနေ့လည်စာဖိုးလေးက ဘာမှမှ မဟုတ်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးကြီးတာလေး စားဖူးတာပေါ့။သူစိတ်ထိန်းထားသော်လည်း တွေးမိတိုင်းတွေးမိတိုင်း..
"ဒီလူ ကတော့.. "
နိုအယ် အံကြိတ်ကာ ထအော်မိလိုက်လေတော့သည်။ သီအိုဆိုတဲ့ ရေပေါ်ဆီ လူပေါ်ကြော့ကောင်။ သူ့ကို နေ့လည်စာ စားဖို့ ခေါ်သွားမယ်ဆိုပြီး မြို့ထဲက ဈေးအကြီးဆုံး Mirai ဂျပန်စားသောက်ဆိုင်ကို ခေါ်သွားသည်။ ထို့နောက် Sushi, Sashimi မျိုးစုံမှာပြီး ပိုက်ဆံရှင်းတော့ သူ တစ်ဝက်ရှင်းလိုက်ရသည်။
ရှင်းလည်း ရှင်းပြီးရောသူ့မှာ တစ်ပတ်စာ သုံးဖို့အတွက် လျာထားသည့် ပိုက်ဆံအကုန် ပြောင်သလင်းခါသွားရလေတော့သည်။
"ခင်ဗျား နောက်ဆို ကျွန်တော့်ကို နေ့လည်စာ ညစာ .. ဘာဆို ဘာစားဖို့မှ မခေါ်နဲ့ .. " ဟု သူ ကားပေါ်တွင် ဒေါသထွက်ထွက် ပြောတော့ မျက်နှာက ပြီတီတီနှင့်။ သူ့ကို စလိုက်ရလို့ ဒါမှမဟုတ် အရင်တစ်နေ့က ကိစ္စအတွက် လက်စားချေလိုက်ရလို့ ပျော်သွားသည့်မျက်နှာထားမျိုး။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...