Chapter : 6

12.5K 1.2K 39
                                    

ညနေစောင်းရောက်သောအခါ နေလုံးကြီးမှာ အနောက်ဂေါယာကျွန်းသို့ တဖြည်းဖြည်း နစ်မြှပ်ပျောက်ကွယ်စပြုနေလေပြီ။

နွေရာသီရောက်တော့မည်ထင် နွေဦးရဲ့ လေရူးက တစ်ချက်တစ်ချက်ဆို မာန်ပါပါ တိုက်တတ်သည်။

လေတစ်ခါတိုက်တိုင်း နိုအယ်မှာ ချွေးစများသီးနေသော သူ့ရဲ့ နဖူးသပ်က အေးမြမှုကိုခံစားရသည်။

သူဘေးယာဝန်းကျင် တစ်လောကလုံး ကို မျက်ကွယ်ပြုလျက် အိမ်မြန်မြန်ပြန်ရောက်ရန်သာ ခြေလှမ်းကို ခပ်သွက်သွက်လှမ်းနေမိသည်။ ညနေခင်းအလှလည်း သူ့အာရုံထဲ မထင်တော့။ လေရူးလေးတွေက အတူဆော့ကစားဖို့ သူ့အား တောင်းဆိုနေသည့်တိုင် သူ့မှာ မည်သူ့ကိုမှ အရေးလုပ်ဖို့ စိတ်အား မကျန်ရှိတော့ပါ။ တစ်နေကုန် ထမနဲထိုး၍ ပင်ပန်းခဲ့ပြီဖြစ်သည့်အပြင် သူ့နောက်မှ အရိပ်ကဲ့သို့ ထပ်ကြပ်မကွာ လိုက်နေသည့် အရာတစ်ခုကလည်းရှိသေးသည်။

သူ အိမ်ကို နေမဝင်ခင် ပြန်ရောက်မှ ဖြစ်မည်။

သူ တစ်ချိန်လုံး မသိချင်ယောင်ဆောင်ထားပေမယ့် ထိုကလေးက သူ့နောက်က တကောက်ကောက်လိုက်၍ သူ့ကို စကားများပြောနေခဲ့ပါသည်။

သူရိန်မင်း။ သူ့နာမည်က သူရိန်မင်းတဲ့။
သူ့ကို သူ့အမေက သူရိန်လေးလို့ခေါ်သည်။

"မင်းက ငါ့ကို ဘာလုပ်စေချင်တာတုန်း ??"

နိုအယ် နောက်သို့လှည့်၍ ထိုကလေးကို မျက်နှာချင်းဆိုင်ကာ မေးလိုက်သည်။
ထိုကလေးက သူ့ကို ကြက်သီးထလောက်အောင် သိုက်ကြည့်နေပါသည်။

လူတွေပြောလေ့ရှိကြသည်။ မင်းကို သရဲတစ်ကောင် ကပ်လိုက်ပြီဆိုတာနဲ့ ဘယ်လိုလုပ်လုပ် ခွာလို့မရတော့ဘူးဆိုပြီး။ တကယ်လည်း ထိုအတိုင်းပင်။ သရဲတွေက တစ်ခုဆို တစ်ခု အရမ်း စွဲလမ်းစိတ်ကြီးလေသည်။ သူတို့ လိုချင်တာ မရမချင်း လက်မလျှော့တတ်ကြ။

"မင်း အလောင်းက ဘယ်မှာလဲ ??"

သူရိန်လေးက သူမသိကြောင်း ခေါင်းခါပြလေသည်။

အင်းလေ။ အသက်ရှိသော လူအဖြစ်ကနေ ရုတ်တရက်သေဆုံးသွားပြီး သူတို့မသိလိုက်ခင် တခြားသူအဖြစ်မွေးဖွားခံလိုက်ရသော သရဲများသည် အရင်ဘဝက သူတို့အကြောင်းအရာများကို ပြည့်စုံစွာ မသိတာမျိုး ဖြစ်တတ်ပါသည်။ ထို့ကြောင့် တချို့ သရဲတွေဆို သူတို့ သေလို့သေမှန်းပင်မသိပဲ ထို အခိုက်အတန့်လေးမှာပဲ ပိတ်မိနေတတ်တာမျိုးရှိပါသည်။ ဥပမာ မနက်တိုင်း တံမြက်စည်းလှည်းတတ်တဲ့ မိန်းမက သေပြီးတာတောင် သူ့ဝိဉာဉ်ဘဝနှင့် တံမြက်စည်း လှည်းနေတတ်တာမျိုး။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now