Chapter : 45

15.6K 845 48
                                    

မနေ့က မိုးတွေရွာထားလို့ထင်သည်။ ဒီနေ့တော့အနည်းငယ် ပူနေသည်။ ဓူဝံ တရွေ့ရွေ့ သွားနေသော ဘတ်စ်ကားရဲ့ မှန်ပြတင်းပေါက်မှတဆင့် အပြင်သို့ ငေးကြည့်နေမိပါသည်။ ကားလမ်းမဘေးတွင် အစီအလိုက် စိုက်ထားသော သစ်ပင်တွေမှ ရော်ရွက်ဝါတချို့တို့က ညနေခင်းလေရူးရဲ့ ဆွဲငင်ယူဆောင်မှုနောက်ကို မပါအောင် သစ်ကိုင်းတွေကို တရှုးရှုးတရှဲရှဲ မြည်လျက် တင်းတင်းကျပ်ကျပ်ဆွဲကိုင်ထားကြလေသည်။

သူ့လိုပေါ့။ ဆယ်နှစ်လောက် အကျဉ်းကျနေသော အမှောင်တွေဖြင့်သာ ပိန်းနေအောင် ထူပျစ်နေသည့် တွင်းဟောင်းထဲ မကျသွားအောင် တွင်းစပ်နားမှာ ရပ်ရင်း ကြိုးစားနိုင်သမျှ အရာအားလုံးကို ကြိုးစားကြည့်နေရသည်။ ဘတ်စ်ကားက တောင်စုမြို့အနောက်ပိုင်းမှ ထွက်လာခဲ့သည်မှာ အခု့အရှေ့ပိုင်းမြို့လယ်ကိုပင်ရောက်ပေပြီ။

"တက္ကသိုလ်မှတ်တိုင်"

ဘတ်စ်ကားအရပ် ကားပေါ်တက်လာသော မျက်နှာသေးသေးလေးတစ်ခုကို ဓူဝံမထင်မှတ်ပဲတွေ့လိုက်ရတော့ ညစ်နေသော သူ့ရဲ့ စိတ်လေး နည်းနည်းပါးပါး အဆင်ပြေသွားသလိုလို။

"မင်းခေတ်ဓူဝံ"

နိုအယ်က သူ့ကိုမြင်တော့ သူထိုင်နေသော ထိုင်ခုံ၏ ဘေးခုံတွင်ဝင်ထိုင်လိုက်ရင်း သူ့ကို နှုတ်ဆက်ပါသည်။

"အင်း.. "

"မင်း ကျောင်းလည်းမလာဘူး"

နိုအယ်က ထိုင်လျှင်ထိုင်ချင်း သူ့ကို ကျောင်းမလာတဲ့ကိစ္စက စ၍ ပြောသည်။

"အနောက်ပိုင်း ရောက်နေလို့"

"သြော်.. "

နိုအယ်က သြော်ဟူသော စကားသံလေးတစ်ခွန်းသာပြောပြီးဆိတ်ငြိမ်သွားပြန်သည်။ သို့သော် သိပ်မကြာလိုက်ပါ။ ချက်ချင်းဆိုသလို သူ့ဆီကို နောက်မေးခွန်းတစ်ခုဖြင့် ပြန်ရောက်လာသည်။

"မင်း အဆင်ပြေတယ်မလား"

ထိုမေးခွန်းကို သူဘယ်လိုပြန်ဖြေရမလဲမသိ။ အဆင်ကတော့ ပြေအောင်လုပ်ရင် လူတိုင်းပြေနေကြတာပဲလေ။ ဓူဝံ့အထင်တော့ အဆင်ပြေတယ်မလား ဆိုတဲ့ မေးခွန်းက ရှုပ်ထွေးလွန်းသည်ဟု ထင်သည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now