"ခင်ဗျား အခု ည ဘယ်နှနာရီရှိပြီထင်"
တံခါး ပွင့်ပွင့်လာချင်း နိုအယ် ရန်ရှာဖို့ စကားစလိုက်သော်ငြား တစ်ဖက်မှ မျက်ရည်စီးကြောင်းနှစ်ကြောင်း ထင်ရှားစွာ ကျနေသော မင်းခေတ်ဓူဝံ၏ မျက်နှာကို တံခါးအထက်မှ ဖြာကျနေသော မီးသီး၏ အလင်းရောင်အားကိုးဖြင့် ကောင်းစွာ မြင်လိုက်ရသောအခါ သူ့ရဲ့ နှုတ်များ ဆွံ့အသွားရသည်။ နိုအယ် မင်းခေတ်ဓူဝံကို ကြည့်ရင်း သူ ဘာဆက်ပြောရမလဲ မသိစွာ ထို တံခါးရှေ့တွင် ကျောက်ရုပ်တစ်ရုပ်လိုရပ်နေမိလေသည်။
မင်းခေတ်ဓူဝံ ကလည်း သူ့ကို အဆုံးအစမဲ့ ပင်လယ်ကို မျှော်ကြည့်နေသော စိုက်ကြည့်သည်ဟုလည်း ပြောမရသော ခပ်တန်းတန်းအကြည့်များဖြင့် ကြည့်နေသည်။ သူ့ကို ကြည့်နေသာ်လည်း သူ့ကိုမြင်သည်ဟုမထင်မိ။ ထိုစဉ် သူ မင်းခေတ်ဓူဝံရဲ့ လက်ထဲတွင်ကိုင်ထားသော ကြိုးကွင်းကို သူ သတိထားမိလိုက်သည်။
မင်းခေတ်ဓူဝံက ဖွက်ဖို့မကြိုးစားပါ။
သူ့ကို နှုတ်ခမ်းတင်းတင်းစေ့ကာ ဆက်ပြီး ကြည့်နေလေသည်။ သူ့ကို ပြောစရာရှိတာ အကုန်ပြောဆိုသည့်အလား။
"ခင်.. ခင်ဗျား.. အဲ့ ကြိုးကွင်းနဲ့ ဘာ.. ဘာလုပ်မလို့လဲ"
နိုအယ် တစ်လုံးချင်း ကြိုးစား မေးလိုက်သည်။ မင်းခေတ်ဓူဝံက သူ့မေးခွန်းကို ပြန်မဖြေပေ။ ထိုအစား တိုးလျသော လေသံဖြင့် သူ့ကို ပြန်မေးလေသည်။
"မင်း ပြောချင်တာ ပြောပြီးပြီလား"
နိုအယ် ကြောင်တောင်တောင်နှင့် ခေါင်းညိတ်မိလိုက်သည်။ သူ ခေါင်းညိတ်လိုက်တာနဲ့ တစ်စက္ကန့်တောင်မဖြုန်းပဲ မင်းခေတ်ဓူဝံက တံခါးကို တန်းပိတ်သွားလေသည်။
နိုအယ် တစ်ယောက်တည်း ထိုအခန်းရှေ့တွင် အတွေးပေါင်းများစွာဖြင့် ကျန်နေခဲ့ပါသည်။
××××××××××××××××××××××××××××××××××××××
"နိုအယ်"
"သြော်.. အင်း"
သီအိုက ကော်ဖီခွက်ကိုင်ထားရင်း သူ့ကို စူးစမ်းတဲ့အကြည့်နှင့်ကြည့်ကာ မေးသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...