သီအို စုတ်တံကို ချလိုက်ကာ ဆေးများပေရေနေသော လက်ကို ဘေးတွင် ချထားသော အဝတ်စဖြင့် သုတ်လိုက်သည်။ ထိုနောက် မပြီးပြတ်သေးသော ဆွဲလက်စ ပန်းချီကားကို အသေးစိတ် စိုက်ကြည့်နေမိသည်။
အမေ။
သူမက်နေကျ အိမ်မက်ထဲကအတိုင်း တစ်ပုံစံတည်းဖြစ်အောင် ကြိုးစားရေးဆွဲခဲ့ပေမယ့် သူ့ပန်းချီတွင် ကြီးမားသော ဟာကွက်ကြီးတစ်ခုရှိနေပါသည်။ ထိုအရာမှာ အမေ့၏ မျက်နှာဖြစ်ပါသည်။
အမေ့ကို ဓာတ်ပုံထဲတွင် မည်သို့ပင်တွေ့နေရစေကာမူ တကယ့် တကယ် ရေးဆွဲသောအခါ အမေ့မျက်နှာကို သူရေးမဆွဲနိုင်ဖြစ်နေခဲ့သည်။ သူ ဓာတ်ပုံကို ကြည့်သည်။ သေချာ မှတ်သည်။ သို့သော် စုတ်တံကိုင်၍ ကင်းဗတ်ပေါ် ဆေးစက်ချမည်ဆိုသည်နှင့် အမေ့ရဲ့ မျက်နှာမှာ သာယာတဲ့နွေရာသီတစ်ရက်မှာ ရှိတဲ့ ကောင်းကင်ပေါ်က တိမ်လွှာတွေလို တဖြည်းဖြည်း လွှင့်စင်သွားရမြဲ။
သီအို မတ်တပ်ရပ်လိုက်ကာ စားပွဲပေါ်တွင်ချထားသော စီးကရက်ဘူးမှ စီးကရက်တစ်လိပ်ကို ဆွဲယူလိုက်ကာ ပါးစပ်တွင် ခဲလိုက်လေသည်။ ထို့နောက် စီးကရက်မီးညှိကာ ပြတင်းပေါက်ဘောင် လက်ထောက်၍ ဇိမ်ယူကာ ရှိုက်နေမိသည်။
တနင်္ဂနွေ မနက်က ခါတိုင်းထက် တိတ်ဆိတ်နေသလိုခံစားရသည်။ နေရောင်ဖျော့ဖျော့နဲ့ နွေဦးလေဖြူးဖြူးကြားမှာ သူ ခြံထဲတွင် အစွမ်းကုန် ပွင့်ဖူးနေကြသော နှင်းဆီအုံကို ဘာရယ်မဟုတ် စိုက်ကြည့်နေမိလေသည်။ တစ်ခါတစ်လေ သူ ပန်းတွေဘာကြောင့် ကမ္ဘာကြီးထဲ ရောက်နေရသလဲဟု တွေးမိပါသည်။
ဟာရူကီ မူရာကာမိရဲ့ 1Q84 စာအုပ်ထဲတွင်မူ ပင့်ကူတွေရဲ့ ဘဝအဓိပ္ပာယ်ကို အောက်ပါအတိုင်း ပုံဖော်ရေးသားထားဖူးသည်။
"ပင့်ကူတွေဟာ သူတို့ဆောက်ထားတဲ့ ပင့်ကူအိမ်လေးမှာပဲ စိတ်ရှည်စွာနဲ့ သူတို့သားကောင်အလာကို စောင့်ဆိုင်းနေကြတယ်။ ပင့်ကူတွေဟာ သူတို့ကိုယ်သူတို့ စိတ်ရှည်နေကြမှန်းတောင်သိမှာမဟုတ်ပါဘူး။ ပင့်ကူတွေဟာ ပင့်ကူအိမ်ဆောက်တာကလွဲပြီး ဘာမှ မလုပ်တတ်သလို ဘဝနေထိုင်မှု ပုံစံမှာလည်း ထိုင်ပြီး စောင့်နေတာကလွဲပြီး ဘာမှ မလုပ်တတ်ကြဘူး။ ပင့်ကူတွေဟာ သဘာဝအတိုင်း သူတို့ခန္ဓာကိုယ်တွေ ခြောက်သွေ့ပြီး သေသွားတဲ့အထိ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေးထိုင်ပြီး သားကောင်အလာကို စောင့်နေလေ့ရှိကြတယ်။ ဒီနေထိုင်မှုဟာ သူတို့ ဗီဇကိုက ဆုံးဖြတ်ပြီးသာ ဖြစ်နေတာပဲ။ ပင့်ကူတွေဟာ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နောင်တရခြင်း အလျဉ်းမရှိဘူး။ သူတို့ဆီမှာ သူတို့သဘာဝတရားနဲ့ စပ်လျဉ်းပြီး သံသယဝင်မှုတွေ၊ အမှားတွေ အမှန်တွေကြား ဝေခွဲရခက်နေတာလည်း မရှိဘူး။" တဲ့။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...