"17.12.2005"
ထူးထူးဆန်းဆန်း ခုတလော သီအိုလေးက သူ့အစ်ကို အဲလက်စ်နား အရမ်းကပ်နေတယ်။
မနက်မိုးလင်းတာနဲ့ ပထမဆုံး ပြောတဲ့ စကားက ကို့ကို့အခန်းသွားမယ်ဆိုတာပဲ။
အဲလက်စ်ကလည်း မျက်နှာကသာ ခပ်တည်တည်နဲ့။ကလေးကို ဘယ်လိုများ ထိန်းလိုက်လဲမသိဘူး။ ကလေးက သူမှသူ ဖြစ်နေပြီ။
ကျွန်မလည်း နည်းနည်းပါးပါး စိတ်လက်သက်သာရာ ရတာပေါ့။ ကျွန်မ အဲလက်စ်ကို ကြည့်တော့ သူ့အတွက်လည်း စိတ်မကောင်းပြန်ဘူး။ သူ့အမေက သူ့ကို ဒီအိမ်မှာထားပြီး ပြန်ထွက်သွားခဲ့တာ ခုဆို ၂ နှစ်တောင်ရှိပြီမို့ သူလည်း သူ့အမေကို အတော်လွမ်းလောက်ရောပေါ့။
အဲလက်စ်ကတော့ အိမ်ထောင်စုစာရင်းထဲ ရောက်လာပြီး ကျွန်မက ဥပဒေအရ အဲလက်စ်ရဲ့ အမေဖြစ်လာတာမို့ ကျွန်မ အမေတစ်ယောက်ရဲ့ တာဝန်ကို ကျေနိုင်သမျှ ကျေအောင် လုပ်ပေးပါတယ်။ ပြီးတော့ အဲလက်စ်ကလည်း သီအိုနဲ့ အရမ်းတည့်တယ်။
နှင်းသက် နောက်ထပ်ကလေး မရဖို့ ရာခိုင်နှုန်းများနေတာကြောင့် သီအိုလေးကို ညီအစ်ကို မောင်နှမမရှိပဲ အထီးကျန်ကျန်ကြီးပြင်းလာမှာ စိုးနေခဲ့တာ။ အဲလက်စ်လာတာက သီအိုလေးအတွက် အားကိုးစရာ အစ်ကိုကြီး တစ်ယောက် ရသွားသလိုပါပဲ။အခုတော့ အကုန်လုံးက သူ့နေရာနဲ့သူ အခြေနေတကျ ကွက်တိ။
အစ်ကိုကတော့ အဲလက်စ်ရဲ့ အမေကို စိတ်မပြတ်နိုင်သေးတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ အဲ့ကိစ္စကိုတော့ ကျွန်မ လက်လျှော့ပေးလိုက်ပါပြီ။
မရနိုင်တဲ့ နှလုံးသားတစ်ခုကို တမ်းတနေခဲ့ရတာ ဘယ်လောက် ပူလောင်နေလိုက်လဲ။
အခုတော့ ကျွန်မ အဲလက်စ်နဲ့ ပိုရင်းနှီးလာအောင်ပဲ ကြိုးစားနေမိတယ်။ အဲလက်စ်က သီအိုနဲ့ တည့်နေတယ်ဆိုပေမဲ့ ကျွန်မကိုတော့ ခပ်စိမ်းစိမ်းပဲ ဆက်ဆံတယ်။ ကြည့်ရတာ သူ့အမေနေရာကို ဝင်လာတဲ့အတွက် သိပ်ပြီးကျေနပ်ပုံမရဘူး။ ပြီးတော့ အဲလက်စ်က အရင်ကတည်းက အနေအေးတယ်။ အမြဲတမ်းလိုလို သူ့အခန်းထဲမှာ အောင်းနေတတ်တယ်။ အခန်းထဲက ထွက်ရင်လည်း အနောက်က သစ်တောထဲသွားပြီး အဲ့မှာ သူတို့ ဆောက်ထားတဲ့ လက်သမားတဲလေးထဲမှာ ဂစ်တာတီးလိုက် တရေးတမောအိပ်လိုက်နဲ့ အချိန်ဖြုန်းနေတတ်တယ်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...