Chapter : 20

8.6K 948 20
                                    

မကြာခင်ကမှ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျတော့မတတ် အုံ့မှိုင်းနေသော မိုးတိမ်များသည် ယခုတော့ ငွေ့ရည်ဖွဲ့ကာ မိုးရေစက်များအဖြစ် သည်းထန်စွာရွာနေလေပြီ။

သီအို မိုးသံကို နားထောင်နေရင်း ဘယ်ကစပြောလို့ပြောရမှန်းမသိစွာ သူ့ရှေ့တွင် ထိုင်နေသော ဦးရဲနှင့် ဒေါ်စိန်ကို ကြည့်နေမိသည်။

"ဦးရဲ.. ကျွန်တော်တို့အိမ်မှာ နေတာ အနှစ် ၄၀ လောက်တော့ရှိပြီပေါ့"

ခပ်မှိုင်းအုံ့အုံ့ ရာသီဥတုတွင် မီးမထွန်းထားသော ဧည့်ခန်းကြီးအတွင်းမှ တိတ်ဆိတ်မှုကို ထိုးဖောက်လိုက်သည့်အလား သီအို့ရဲ့ စကားသံက ဟိန်းထွက်လာသည်။ သူ့စကားကို ဦးရဲက ခေါင်းညိတ်ကာ ထောက်ခံပါသည်။

"အင်း.. ဒီနှစ်ဆို ၃၆ နှစ်ပြည့်ပါပြီ"

သီအို ထိုင်ခုံနောက်ကျောကို မှီနေရာမှ ခါးကိုမတ်လိုက်ပြီး

"ဦးရဲ.. အဖေ့မှာ အရင်အိမ်ထောင် ရှိခဲ့တာလား"

သူ့မေးခွန်းကို ကြားသော်လည်း ဦးရဲရဲ့ မျက်နှာပေါ်မှာ အံ့သြသွားပုံ မရှိ။ ဦးရဲက တည်ငြိမ်စွာပင် ပြန်ဖြေသည်။

"မရှိခဲ့ပါဘူး သခင်လေး။

သခင်မလေးနှင်းသက်က သခင်ကြီးရဲ့ ပထမနဲ့ နောက်ဆုံးအိမ်ထောင်ပါ"

ဒေါ်နှင်းသက်အိမ် ဆိုသည်မှာ သီအို့ရဲ့ အမေပင်။

"ဒါဆို အဲလက်စ်က ဘယ်သူ့ရဲ့ သားလဲ"

အဲလက်စ်ဆိုသည့် နာမည်ကို ကြားလိုက်တော့ ဒေါ်စိန်ရဲ့မျက်လုံးထဲ စိုးရိမ်ပူပန်မှုတချို့ ဖြတ်သွားသည်ကို သူ သတိထားမိလိုက်သည်။

"သခင်ကြီးရဲ့ သားအရင်းပါ"

"အဲ့တာဆို အဲလက်စ်အမေကကော"

"သခင်မလေး နှင်းသက်ပါပဲ"

ဦးရဲ သူ့ကို လိမ်နေသည်။ သူ ဦးရဲလိမ်နေမှန်းသိနေပေမဲ့ သူ ဆက်ပြီးမေးလည်း ပြောပြမည့်ပုံ မပြသောကြောင့် ဆက်မမေးမိတော့။ အနည်းဆုံး လိမ်နေသည်ဆိုကတည်းက နောက်ကွယ်တွင် သူ့ကို မပြောပြထသည့် အမှန်တရားတစ်ခုရှိပြီဆိုသည့် အဓိပ္ပာယ်ပဲလေ။ သူ့တစ်ဘဝလုံး ဖုံးလျှိုးကွယ်လျှိုး လုပ်ခဲ့သည့်သူတွေက လွယ်လွယ်နှင့်တော့ ထိုအမှန်တရားကို ပြောပြလိမ့်မည်မဟုတ်။ ဦးရဲလို နှုတ်အရမ်းလုံသည့် အိမ်တော်ထိန်းဆို ပို၍ပင် ဆိုးသေးသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now