Chapter : 44

6.5K 713 36
                                    

နိုအယ် မျက်လုံးဖွင့်လိုက်တော့ ရုတ်တရက်ဆိုသလို ခပ်စူးစူးနေရောင်က သူ့ရဲ့မျက်လုံးထဲ တိုးဝှေ့ဝင်ရောက်လာသဖြင့် အလျင်အမြန် လက်ဖြင့် ကာလိုက်မိလေသည်။ ထိုစဉ် မြူးနေသော ခပ်အေးအေးလေတချို့တို့က သူ့ရဲ့ ခပ်အုပ်အုပ် ဆံပင်တွေကြား ကလူကျီစယ်သလို ပြေးဖြတ်သွားသည်မို့ သူ သဘောတကျ အသာအယာပြုံးမိပြန်သည်။

သူ ဘယ်ရောက်နေမှန်းသိလိုစိတ်ဖြင့် ပန်ဝန်းကျင်တစ်ခုလုံးကို ဝေ့ကာကြည့်မိလေသည်။ ကြည့်ရတာ ပန်းခြံတစ်ခုနဲ့တူသည်။ သို့သော် ပြည်သူ့ပန်းခြံတော့မဟုတ်။ သူ့ရှေ့တွင်ရှိသော အဆောက်အဦးကို ကြည့်ရသည်မှ ဆေးရုံတစ်ခုနှင့်တူသည့်အပြင် ပန်းခြံထဲမှာလည်း ဆေးရုံဝတ်စုံဝတ်ထားကြသော လူတချို့ကို တွေ့နေရသည်မို့ နိုအယ် သူ့ကိုသူ ဆေးရုံတစ်ခုရဲ့ ပန်းခြံထဲရောက်နေမှန်းသတိထားမိလိုက်ပါသည်။

ထိုစဉ် နိုအယ်ရဲ့ အမြင်အာရုံထဲသို့ ရင်းနှီးနေသော မြင်ကွင်းတခု ဝင်ရောက်လာသည်မို့ သူ ရပ်နေသော ထို စင်္ကြန်ပေါ်တွင် ကျောက်ရုပ်အလား တောင့်တောင့်ကြီးရပ်ကာ ထိုမြင်ကွင်းကို စူးစူးစိုက်စိုက်ကြည့်နေမိလေသည်။

သူ့အမြင်ထဲတွင် ကလေးနှစ်ယောက် ဆေးရုံပန်းခြံရဲ့ ထိုင်ခုံရှည်လေးတစ်ခုပေါ်တွင် ဘေးချင်းကပ်ရပ်ထိုင်နေကာ စကားပြောနေကြသည်။ သူတို့ထိုင်နေသော ထိုင်ခုံရှည်ရှိရာနေရာတစ်ဝိုက်ကို ဆေးရုံအဆောက်အအုံရဲ့ အရိပ်က ဖုံးပေးထားသည်။ ထို ထိုင်ခုံရှည်လေးသည် နိုအယ်ရပ်နေသော စင်္ကြန်​၏အဆုံးတွင် တည်ရှိနေကာ ထိုထိုင်ခုံရဲ့ ဘေးပတ်လည်တွင်တော့ ပန်းတချို့က ပတ်ပတ်လည် ဝန်းရံကာ ပွင့်နေကြသည်။

နိုအယ် ထိုကလေးထဲက ခပ်ပိန်ပိန်ညောင်ညောင် ကောင်လေးကို မျက်တောင်မခတ်တမ်းကြည့်နေမိသည်။
ထိုကောင်လေးသည် ဆေးရုံဝတ်စုံခပ်ပွပွကို ဝတ်ထားပြီး မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေကာ မျက်လုံးထဲမှာမူ တစ်စုံတစ်ခုကို စိတ်အားထက်သန်နေသလို အရောင်တချို့လက်နေသည်ကို တွေ့ရသည်။ ထိုကလေးသည် နိုအယ်ပင်ဖြစ်ပါသည်။

နိုအယ် ကလေးဘဝက သူ့ထံမှ အကြည့်လွှဲလိုက်ကာ သူ စကားပြောနေသော ဘေးက ကလေးကို ကြည့်မိလိုက်သည်။ ထိုကလေးရဲ့ ခေါင်းတွင် ပတ်တီးစီးထားပြီး တစ်ခုခုကို အလိုမကျဟန် မျက်နှာမှာ ဆူပုတ်နေသည်။ သို့သော် နိုအယ့်ကို စိတ်ဆိုးနေပုံတော့မတူ။ သူ့ဘာသူ တစ်ခုခုကို အလိုမကျနေဟန်။ ထိုစဉ် နိုအယ်က ထိုကလေးရဲ့ ဘယ်ဘက်လက်ကောက်ဝတ်မှ လက်ကောက်ကို ကြည့်ရင်း တစ်ခုခု ပြောလိုက်သည့်ဟန် ထိုကလေးက သူ့လက်မှ လက်ကောက်ကို ပြန်ငုံ့ကြည့်နေလေသည်။ ထို့နောက် ချက်ချင်းဆိုသလို ထိုလက်ကောက်လေးကို ချွတ်ကာ နိုအယ့်ကို ကမ်းပေးသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now