"မင်း ဘယ်သူလဲ"
နိုအယ် သူ့နောက်ကျောမှ ထွက်ပေါ်လာသော ဩရှရှယောကျာ်းတစ်ယောက်၏ အသံကို ကြားလိုက်ပါမှ အဖြစ်မှန်နှင့်သိပ်ကို တူလွန်းသော အိမ်မက်တစ်ခုမှ နိုးထလိုက်ရသလို ခံစားလိုက်ရသည်။ သူ အသက်ခပ်ပြင်းပြင်းရှူသွားလိုက်ရင်း ဘေး ပတ်ဝန်းကျင်ကို ဝေ့ကာ ကြည့်မိလိုက်သည်။
မှောင်နေ၍ ဘေးပတ်လည်ကို သေချာတော့ မမြင်ရ။သို့ပေမဲ့ အခန်းထဲတွင် ပျံ့လွှင့်နေသော အမွှေးတိုင်တွေမှ ထွက်လေ့ရှိသည့် အနံ့ခပ်မွှေးမွှေးကို သူ ရှုရှိုက်မိလိုက်ပါသည်။ အမှောင်ကို မျက်လုံးက ကျင့်သားရလာသောအခါ ရုတ်တရက်ဆိုသလို သူ့အရှေ့နံရံတွင်ချိတ်ဆွဲထားသော မိသားစု ဓာတ်ပုံကြီး တစ်ခုကို တွေ့လိုက်ရသည်။ထို ဓာတ်ပုံအောက်တွင်တော့ ဖုန်တက်နေသော အဖြူရောင်အဝတ်စကြီးတစ်ခုက ပုံကျနေပါသည်။ ကြည့်ရတာ ထိုဓာတ်ပုံကို ဖုံးထားသော အဝတ်စဖြစ်မည်ဟု ထင်ရသည်။
ထိုဓာတ်ပုံထဲတွင် အသက် ၄၀ ကျော်အရွယ် ယောက်ကျားတစ်ယောက်နှင့် အသက် ၃၀ ကျော်အရွယ် မိန်းမတစ်ယောက်တို့ကဆိုဖာပေါ်တွင်ထိုင်နေကြကာ သူတို့နောက်တွင်တော့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်က အသက် ၈ နှစ်လောက်ရှိမည်ထင်ရသော ကောင်လေးတစ်ယောက်ရဲ့ ပုခုံးကိုသိုင်းဖက်ကာ ရပ်နေကြလေသည်။ ဆိုဖာပေါ်တွင် ထိုင်နေသော ယောကျာ်းနှင့် မိန်းမတို့ နှစ်ယောက်ကြားတွင်တော့ အသက် ၆ နှစ်အရွယ် ကောင်မလေးက အရုပ်ကလေးတစ်ခုကို ပိုက်ကာ ထိုင်နေသည်။
အကုန်လုံးက ပြုံးနေကြပါသည်။ ကြည့်ရသည်မှာ ပျော်ရွှင်ဖွယ် ရုပ်ရှင်များတွင် တွေ့ရသော ပျော်ရွှင်ဖွယ်အတိပြည့်နှက်နေသည့် မိသားစုကဲ့သို့ ထင်ရသည်။နိုအယ် သူ့နှုတ်ခမ်းထဲ ခပ်ငံငံအရည်တချို့ စီးဝင်လာသည်ဟု ခံစားလိုက်ရသဖြင့် သူ ညာဘက်လက်ဖြင့် ပါးပြင်ကို စမ်းမိလိုက်သည်။
မျက်ရည်တွေပဲ။
သူ ထိုဓာတ်ပုံကို ကြည့်ပြီး ငိုနေမိတာလား။
ဒါ ဘယ်သူ့ဓာတ်ပုံတွေလဲ သူမသိ။သူ ထိုဓာတ်ပုံမှ မျက်လုံးခွာလိုက်ကာ တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သည်။ သူရောက်နေတဲ့ နေရာက ကြည့်ရတာ သိုလှောင်ခန်းတစ်ခုနဲ့တူသည်။ ပစ္စည်းတော်တော်များများက ဖုန်များ ဖွေးဖွေးထအောင်တက်နေသည်။ ဓာတ်ပုံတွေတချို့ကိုတော့ ပိတ်စအဖြူနှင့်ဖုံးထားသည်။ ပိတ်စအဖြူတောင် ဝါကျင့်ကျင့်ဖြစ်နေတဲ့အထိ ဖုန်တွေက ထူလှလေသည်။ ဓာတ်ပုံတွေသာမက ဗီရိုဟောင်းကြီး တစ်ခုနှင့် ဖုန်တက်နေသော မှန်တင်ခုံတစ်ခုလည်း ရှိသေးသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...