မနက် စောစောဆိုသောကြောင့် နွေဦးကာလ ဖေဖော်ဝါရီလရဲ့ ထုံးစံအတိုင်း မြူတချို့ ထဆဲပင်ရှိနေသေးသည်။ နှင်းတချို့ အရည်ပျော်ထားသောကြောင့် ဘတ်စ်ကားမှတ်တိုင်က ထိုင်ခုံမှာလည်း ထိုင်၍ မရအောင် ရေစိုနေသေး၏။
နိုအယ်က ဓူဝံ့ရှေ့မှ ခပ်သွက်သွက်ပင် Bus ပေါ်မှ ဆင်းသွားသဖြင့် သူ နောက်ကနေ လိုက်ဆင်းခဲ့ရပါသည်။ ဒီနေ့ သူ နိုအယ် ခေါ်ရာနောက် လိုက်ပေးရမယ့်နေ့ပင်။
နိုအယ်က ဂွမ်းထိုးအင်္ကျီအဖြူရောင်နှင့် ဘောင်းဘီ ခဲရောင်တို့ကို ဝတ်ဆင်ထားပြီး ကော်ဖီရောင် လွယ်အိတ်ကို လွယ်ထားကာ မနေ့က သူတွေ့ခဲ့သော အဝါရောင် လည်စီးနှင့်ပင် သူ့ရဲ့လည်ပင်းကို ဖုံးထားသည်။ ထို လည်စီးကို မြင်တာနှင့် ဓူဝံရဲ့ ရင်ထဲ အပြစ်ရှိသလို ခံစားနေရသေးသည်။ နိုအယ်ကတော့ ထိုကိစ္စကို သူ့ခေါင်းထဲက ထုတ်ပစ်လိုက်သည့်အတိုင်း သူ့ကို ပေါ့ပါးစွာပင် ဆက်ဆံလေသည်။
"မြန်မြန်လာပါ"
သူ ရှေ့ကနေ ခပ်သွက်သွက် လျှောက်နေသော နိုအယ့်ကို အမှီလိုက်ရန် ခြေလှမ်းသွက်လိုက်သည်။
နိုအယ်က သူ့ကို တောင်စုမြို့အနောက်ပိုင်းသို့ ခေါ်လာခဲ့ခြင်းဖြစ်ပါသည်။ တောင်စုမြို့သည် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ အပိုင်း နှစ်ပိုင်း ခွဲကာ တည်ရှိသည်။ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို သွားမည်ဆိုလျှင် ကားနှင့် အနည်းဆုံး နာရီဝက် ၄၅ မိနစ်လောက်တော့ မောင်းရသည်။ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ဘာကွာလဲဆိုတော့ ဘာမှတော့မကွာ။ နှစ်မြို့စလုံး တောင်ပေါ်မြို့ဖြစ်ကာ နှစ်မြို့လုံးက ၁၂ ရာသီ အေးစိမ့်နေတတ်ပြီး မိုးများ၏။ နှစ်မြို့လုံးက မြို့ကြီး အဆင့် မရောက်သော်ငြား ထူးထူးခြားခြား အရှေ့ပိုင်းကော အနောက်ပိုင်းမှာကော ကိုယ်စီ တက္ကသိုလ်များ ရှိကြသည်။ နာရီဝက်လောက်သာ မောင်းရသော နေရာနှစ်ခုမှာ တက္ကသိုလ် နှစ်ခုရှိနေတာကတော့ တကယ့် ပြောစမှတ်ပင်။
ဓူဝံက ဒီတောင်စုမြို့အနောက်ပိုင်းမှာပဲ မွေးခဲ့သည်။ ဒီမှာပဲ ကြီးပြင်းခဲ့သည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...