Chapter : 15

9.3K 1.1K 34
                                    

နိုအယ် စင်ပေါ်တင်ထားသော ဓာတ်ပြားစက်ကို စိတ်ဝင်စားစွာ ထိကြည့်နေမိသည်။ ဓာတ်ပြားစက်မှာ တော်တော် အိုဟောင်းကာ အရောင်တွေပင် လွှင့်နေပြီဖြစ်သောကြောင့် သက်တမ်း တော်တော် ကြာလှပြီဖြစ်သည့် ရှေးဟောင်းပစ္စည်းတစ်ခုမှန်း နိုအယ် သတိထားမိပါသည်။ ဓာတ်ပြားစက်ဘေးတွင်တော့ စင်သေးသေးလေးရှိကာ ထိုစင်ပေါ်တွင် လွန်ခဲ့သော နှစ် ၅၀ ကျော်လောက်က တေးသီချင်းအယ်လ်ဘမ်များကို စီစီရီရီ ထားရှိထားလေသည်။

နိုအယ် ယခင်က ဓာတ်ပြားစက်ကို ရုပ်ရှင်တွေထဲမှာ မြင်ခဲ့ဖူးသော်လည်း အပြင်မှာ ဓာတ်ပြားစက်ကို သူတစ်ခါမှ မတွေ့ဖူး။

"ငါ့တူက ဓာတ်ပြားစက်ကို စိတ်ဝင်စားနေတယ်ထင်တယ်။

စင်ထဲမှ ဓာတ်ပြားတွေရှိတယ်။ ဖွင့်ကြည့်ချင် ဖွင့်ကြည့်လေ "

အန်တီမိုးက ထမင်းစားပွဲပေါ်ရှိ ဖန်ခွက်လေးထဲ လက်ဖက်ရည် ငှဲ့ပေးနေရင်း သူ့ကိုလှမ်းပြောပါသည်။အန်တီမိုးဆိုသည်မှာ သူ့တိုက်ခန်းအောက်ထပ် ဒုတိယထပ်တွင် နေသော အန်တီကြီးဖြစ်သည်။ အရင်တစ်ခေါက်က သူရိန်လေးကိစ္စ မေးချင်၍ စကားစသည့်အနေဖြင့် အမေသူ့အတွက် ဝယ်လာသော ဘီစကွတ်တွေ လက်ဆောင်လာပေးရင်း စကားတပြောပြောနှင့် နိုအယ် အန်တီမိုးကို ရင်းနှီးခဲ့သည်။

ရင်းနှီးမှ စကားတပြောပြောနှင့် သိလာရသည်က အန်တီမိုးမှာ သားတစ်ယောက်သာရှိပြီး အမေတစ်ခု သားတစ်ခု ဘဝပင်။ ခင်ပွန်းမှာ သားမမွေးခင်ကတည်းက ရွှေသွားတူးရင်း ငှက်ဖျားမိကာ အသက်ဆုံးခဲ့ရသည်ဟု ဆိုသည်။ အန်တီမိုးမှာ ခင်ပွန်းဖြစ်သူ သူတို့ သားအမိအတွက် ချန်ခဲ့သော အိမ်မှာနေ၍ လက်ထဲကျန်သည့် လက်ကျန်ငွေအနည်းငယ်ကို ရင်းနှီးကာ မိုးထဲလေထဲ ဈေးရောင်းကာ တစ်ဦးတည်းသော သားဖြစ်သူကို ကောင်းကောင်းမွန်မွန် ကြီးပြင်းလာအောင် ကျွေးမွေးစောင့်ရှောက်ခဲ့ရသည်။ ယခုတော့ အန်တီမိုးရဲ့ သားက ဒူဘိုင်းမှာ စားဖိုမှူးတစ်ယောက်အဖြစ် အလုပ်လုပ်နေသည်ဟု ပြောပါသည်။ ဤတိုက်ခန်းလည်း သားဖြစ်သူက ပိုက်ဆံစုကာ သူ့အမေနေဖို့ ဝယ်ပေးထားလေသည့် တိုက်ခန်းဟု သိရသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now