Chapter : 34

6.9K 804 53
                                    

နေ့လည်စာ ထမင်းစားချိန်ရောက်ပြီဖြစ်သောကြောင့် တစ်ချိန်လုံး ဆိတ်ငြိမ်နေခဲ့သော ကန်တင်းကလည်း တိုးဝှေ့နေသော ကျောင်းသားပေါင်းရာချီနှင့် စည်ကားနေပြီဖြစ်လေသည်။ တချို့က အခုမှ စားရန် ထမင်းပန်းကန်ကို မလာပြီး ထိုင်ကြသည်။ စားပြီးသူတချို့ကတော့ ပန်းကန်ကို ကိုယ့်ဘာသာသိမ်းပြီး စားပြီးသားပန်းကန်တွေပုံထားတဲ့နေရာမှာ ထားကာ ပြန်ထွက်သွားကြသည်။

သီအိုတို့ Psychology Department ရဲ့ ကန်တင်းမှာတော့ ဝက်နံရိုးကြော်က နာမည်ကြီးသည်။ ကန်တင်းရဲ့ အဓိက ချက်ပြုတ်ကြော်လှော်ပေးသူ အန်တီကြီးလေးခင်ရဲ့ ဝက်နံရိုးကြော်ကို ဘယ် ဌာနရဲ့ ကန်တင်းမှ မမှီ။ တချို့ဆို ဝက်နံရိုးကြော်စားချင်တာကို အပြင်မှာ ဝယ်မစားတော့ပဲ နောက်ဆုံးချိန်လစ်ပြီး ကန်တင်းသို့အစောဆုံးလာကာ အန်တီကြီးလေးခင်ရဲ့ နံရိုးကြော်ကို လာစားကြတဲ့သူတွေတောင်ရှိသေးသည်။

"နေပါဦး။ မင်း ဘာလို့ ထမင်းကို အဲ့လောက် မြန်မြန်သွပ်နေရတာတုန်း"

သီအို သူ့ဘေးမှာ ထိုင်ပြီး ထမင်းကို နင်မတက် စားနေသော သောကကို လှမ်းဟောက်လိုက်တော့ သူ့ကို ဟိုက ထမင်းပလုတ်ပလောင်းနှင့် ပြန်ဖြေသည်။

"ငါ ချိန်းထားတာရှိလို့"

"အဲ့တာများ နေ့လည်စာ စားဖို့ပါ တစ်ခါတည်းချိန်းလိုက်ပါလား။

မဟုတ်လည်း ပြန်လာမှ စားလို့ရတာပဲ"

"သူက နေ့လည်စာ စားပြီးမှ လာခဲ့ဆိုလို့"

ပလုတ်ပလောင်စားရင်း ပြောနေသော သောကကို သီအို စိတ်ပျက်ပျက်နဲ့ နားဘန်တစ်ချက်ကျင်းလိုက်ပါသည်။

"ဖြည်းဖြည်းပြောဟ။ ထမင်းစေ့တွေ စင်ကုန်ပြီ"

"အဲ့တာဆိုလည်း လာမမေးနဲ့လေ"

သောကက တမင်သက်သက် စင်အောင် သူ့မျက်နှာနား ကပ်ပြီး အော်ပြောတော့ သီအို ထိုင်ခုံမှ ထကာ နောက်သို့ ခပ်မြန်မြန်ဆုတ်လိုက်ရပါသည်။

"အင့်"

နောက်မှ တစ်စုံတစ်ခုကို သူ့ရဲ့နောက်ကျောဖြင့် တိုက်မိလိုက်သလို ခံစားလိုက်ရသောကြောင့် သီအို အလျင်အမြန် တစ်ဖက်သို့ လှည့်ကာ တောင်းပန်စကားဆိုလိုက်သည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now