Chapter : 29

7.2K 808 22
                                    

နိုအယ် အေးစက်နေသောအဖြူအမည်းကမ္ဘာကြီးတစ်ခုထဲ ရောက်သွားချိန် သူ့ခြေထောက်များ လေပေါ်သို့ လွှင့်ပျံနေသလို ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံးက ပေါ့ပါးနေသလိုလို။
ဤကမ္ဘာတွင် ကမ္ဘာမြေကြီးရဲ့ ဆွဲအားက သိပ်ကို နည်းပါးလှသည်။ နိုအယ် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးနှင့် ခြေဖဝါးက နူးညံ့ဖြည်းညင်းစွာ ထိတွေ့နေသည်။

လေကလည်း ပါးလွှာလှသဖြင့် ပုံမှန် လူတစ်ယောက်ဆို အသက်ရှူရ တော်တော်ခက်မည့် လောကပင်။
ဒါပေမဲ့ သေသူတို့ကမ္ဘာဆိုသည့်အတိုင်း ဤ ကမ္ဘာမှာ အသက်ရှူသူတစ်ယောက်မှ မရှိ။

သူ ကုတင်ပေါ်လဲလျောင်းနေသော သူ့ရဲ့ ခန္ဓာကိုယ်ကို အပေါ်ကနေ ငုံ့ကြည့်နေမိသည်။

သူ့လက်က ပရိတ်ကြိုးသည် ကုတင်ခေါင်းရင်းနှင့် ချည်ထားလျက်ပင်ရှိသေးသည်။ နိုအယ် သူ့ညာဘက်လက်ကို ငုံ့ကြည့်လိုက်တော့ ကြိုးအနီရောင်လေးက သူ့ရဲ့ ညာဘက်လက်ကောက်ဝတ်ကို ရစ်ပတ်ထားလျက်ပင်ရှိသေးသည်မို့ စိတ်အေးသွားရသည်။

သူ့ရဲ့ ခန္ဓာကိုယ်ကတော့ ဘာစိုးရိမ်ပူပန်မှု မရှိတဲ့အတိုင်း နှစ်ခြိုက်စွာပင် အိပ်ပျော်လျက်ပင် ရှိသေးလေသည်။

နိုအယ် အိပ်ခန်းထဲကနေ အပြင်သို့ တစ်လှမ်းချင်းလှမ်းကာ ထွက်ခဲ့သည်။ အရာအားလုံးက ပုံမှန်အတိုင်းပင်။ သူ့ရဲ့ တိုက်ခန်းက လေလွင့်သရဲတွေ ဝင်မလာနိုင်ရန် အစီအရင်ဖြင့် ကာရံထားခြင်းဖြစ်သောကြောင့် သူ ဒီတိုက်ခန်းထဲတွင် ရှိနေသရွေ့ ဘယ်သရဲနှင့်မှ တွေ့စရာအကြောင်းမရှိ။

သို့သော် သူ အပြင်တံခါးပေါက်ဝကနေ သူ့ကို ခေါ်နေသည့်အသံတစ်ခုကို ညည်းတွဲ့စွာ ကြားနေမိသည်။ နိုအယ် လျစ်လျူရှုလိုက်ဖို့ စဉ်းစားပေမဲ့လည်း နောက်ဆုံးတော့ သူ မနေနိုင်စွာ တံခါးကို ထိုးဖောက်လျက် တိုက်ခန်းအပြင်ကို ထွက်သွားမိလိုက်သည်။

အပြင်သို့အရောက် သူ့စိတ်ထဲရုတ်တရက် အောင့်နင့် သွားသလို ကျောရိုးတစ်လျှောက်၌လည်း အအေးဓာတ်က စိမ့်တက်လာလေသည်။

သူရိန်လေး။
ဟုတ်ပါသည်။ သူရိန်လေးက သူ့ရဲ့ မျက်နှာချင်းဆိုင်တည့်တည့် ခြေလှမ်း ၁၀ လှမ်းလောက်အကွာတွင် ရပ်နေခဲ့ပါသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now