Chapter : 26

7.8K 834 27
                                    

မနက်ခင်း ကွန်ပျူတာအချိန်ပါတဲ့နေ့တွေဆို နိုအယ်တို့ ၃ ယောက် အတန်းလစ်ပြီး ကျောင်းကန်တင်းဆီပြေးလေ့ရှိကြသည်။

တစ်ပတ်ကို ကွန်ပျူတာချိန် နှစ်ချိန်ပါတတ်သည်။တစ်ချိန်က အင်္ဂါနေ့ ညနေပိုင်းမှာ၊ နောက်တစ်ချိန်က သောကြာနေ့ မနက်ပိုင်းမှာ။ တစ်ပတ်လုံး အပြည့်တက်တတ်တဲ့ မြတ်နိုးလို လူတောင် အနည်းဆုံး ထိုနှစ်ချိန်ကတော့ ပျက်တတ်ပါသည်။

ထို့ကြောင့် နိုအယ်က သောကြာနေ့ဆို ပြီးစလွယ်ကျောင်းပျက်တတ်သည်။ မနက်ပိုင်းလည်း သုံးချိန်ရှိတဲ့အထဲမှ နှစ်ချိန်သာ စာသင်ရပြီး ညနေလည်း တစ်ချိန်သာ စာသင်ရသည်မို့ သောကြာနေ့ဆိုလျှင် စာသင်တဲ့ အချိန်က စုစုပေါင်း သုံးချိန်သာရှိသည်။ ထို့အပြင် သောကြာနေ့ ညနေပိုင်းအချိန်က နှစ်ပတ်မှ တစ်ခါ ပါသည်။ သို့နှင့် လာမထူး မလာမထူး တကယ် Roll call ရချင်တဲ့နေ့မှသာ နိုအယ် သောကြာနေ့ ကျောင်းသို့ လာတော့သည်။

သူတို့ အတန်းလစ်ပြီး ကန်တင်းထိုင်တဲ့အချိန်တိုင်း သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ပြန်အရောင်တင်တဲ့အနေနဲ့ အတင်းပြောလေ့ရှိသည်။ ပုံမှန်အားဖြင့်တော့ မြတ်နိုးပြောသော အတင်းကို သူတို့နှစ်ယောက် ဒိုင်ခံနားထောင်ပေးရတာပင်။ မြတ်နိုးကလည်း လူကသာ အတန်းထဲက မခွာတာ၊ တစ်ကျောင်းလုံး ဘယ်သူက အပုန်းလဲ အပွင့်လဲကအစ အကုန်သိသည်။

ဘယ်ကကြားလာသလဲမေးရင်တော့ သူ့ Group Chat ကြီးထဲက သိလာသည်ပဲ ပြောသည်။ ကြာလာတော့လည်း သူနဲ့ဟန်လင်းကော ထို Group Chat ဆိုတာကြီးကို စိတ်ဝင်စားလာကြပါသည်။ ကံကောင်းပြီး အဲ့ Group Chat ထဲကနေ Tuto မေးခွန်းလေးတွေများ ပေါက်ကြားခဲ့ရင် ဘယ်လောက်များ ကောင်းမလဲ။ သူတို့ နှစ်ကောင်လုံး တွေးမိခဲ့သည်။

ဒါပေမဲ့ မြတ်နိုးက အဲ့ Group Chat ဆိုတာကို သူတို့နှစ်ယောက်အား လုံးဝမပြ။ သူပြောတာတော့ Top Secret Group မို့ အဲ့ Group Founders တွေက သူတို့ကို Invite မှသာ ဝင်ခွင့်ရှိမှာဆိုပဲ။ ပြီးတော့ Founders တွေကလည်း သူတို့ Invite မလုပ်ခင် လုပ်မယ့်သူတွေကို သေချာစုံစမ်းကြတတ်သေးသည်တဲ့။

အင်း.. သူ့ဟာသူတော့ ဟုတ်နေတာပဲ။

ဒီနေ့လည်း သောကြာနေ့ဆိုတဲ့အတိုင်း သူတို့ ကွန်ပျူတာချိန်ကို လစ်ကာ ကန်တင်းထဲ စကားတပြောပြောနှင့် စားသောက်နေကြသည်။ ဒီနေ့တော့ မြတ်နိုး ပြောတဲ့အလှည့်မဟုတ်တော့။ နိုအယ်ကသာ ဖြစ်ပျက်သမျှ အစအဆုံးချီကာ မင်းခေတ်ဓူဝံအကြောင်း သူတို့ကို ရှင်းပြရသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now